
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားဖို့ မဆုံးဖြတ်ရသေးကြောင်းပြောကြားလာတဲ့ မက်ဆီ
လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ဂန္ထဝင်ကစားသမား လီယွန်နယ်မက်ဆီက သူ့အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားဖို့ မဆုံးဖြတ်ရသေးကြောင်းပြောကြားလာခဲ့ပါတယ်။
အင်တာမီယာမီကြယ်ပွင့်က သူ့အနေနဲ့ အသက်အရွယ်ရလာပြီဖြစ်သလို၊ ကြံ့ခိုင်မှုအပိုင်းမှာလည်း အားနည်းမှုတွေရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်သွားနိုင်ကြောင်း ဝန်ခံလာခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး မက်ဆီရဲ့နောက်ဆုံးကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်သွားနိုင်တယ်လို့ ဘောလုံးပရိသတ်တွေက ယူဆထားကြပါတယ်။
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာတော့ မက်ဆီဟာ အာဂျင်တီးနားနိုင်ငံမှာ လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားတဲ့ပွဲစဉ်အဖြစ် ပါဝင်ခဲ့ပြီး ဗင်နီဇွဲလားဘက်ကို ၂ ဂိုးသွင်းယူကာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
ပွဲအပြီးမှာ မက်ဆီက "ကျွန်တော်အရင်ကပြောထားသလိုပါပဲ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ကစားနိုင်မယ်လို့မထင်ပါဘူး။ ကျွန်တော့်ရဲ့အသက်အရွယ်အရ နည်းလမ်းတကျတွေးမယ်ဆိုရင် ကျွန်တော် ဒီပြိုင်ပွဲမှာ မပါဝင်သင့်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးမက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ဖို့က သူ့ရဲ့ကြံ့ခိုင်ရေးအခြေအနေနဲ့ သက်ဆိုင်နေကြောင်းကိုလည်း "နေ့ရက်တိုင်းမှာ ကျွန်တော်ကစားဖို့အဆင်သင့်ဖြစ်အောင်ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တော့ ရိုးသားမှဖြစ်ပါမယ်။ ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ ကျွန်တော်စားနိုင်မှာဖြစ်ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝရင်တော့ ကျွန်တော်ကစားနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရပါဦးမယ်"
"ကမ္ဘာ့ဖလားအတွက် အခုချိန်အထိတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး။ ပွဲစဉ်တစ်ပွဲစီတိုင်းမှာ အကဲဖြတ်ပြီး ရာသီကုန်တဲ့အထိကစားဖို့ကြိုးစားသွားပါမယ်။ ပြီးရင်တော့ ရာသီကြိုနဲ့ ၆ လအတွင်း ကမ္ဘာ့ဖလားက စတင်သွားမှာပါ။ မေဂျာလိဂ်မှာ ကောင်းမွန်တဲ့ရာသီတစ်ခုကိုဖြတ်ကျော်ပြီး ရာသီကြိုမှာလည်းအဆင်ပြေရင်တော့ ကျွန်တော်ကမ္ဘာ့ဖလားမှာပါဝင်ဖို့ ဆုံးဖြတ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီရဲ့ အာဂျင်တီးနားမြေနောက်ဆုံးကစားတဲ့ပွဲနဲ့ပတ်သက်ပြီး အသင်းဖော် လော်တာရိုမာတီနက်ဇ်ကလည်း "ပျော်ရွှင်စရာ ဝမ်းနည်းစရာတွေများခဲ့တဲ့ ညတစ်ညပါ။ ကျွန်တော်တို့ အမြဲတမ်းအမှတ်ရနေမယ့် ကစားသမားအတွက် နှုတ်ဆက်ပွဲပါ။ လီယိုက ကစားသမားတစ်ယောက်၊ လူပုဂ္ဂိုလ်တစ်ယောက်သာလျှင်မဟုတ်ဘဲ ခေါင်းဆောင်တစ်ယောက်၊ ကျွန်တော်တို့ကို နေ့စဉ် သင်ခန်းစာတွေပေးနေတဲ့ အသင်းဖော်တစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့မက်ဆီဟာ အာဂျင်တီးနားသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၁၄ နဲ့ ဆက်လက်စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ အာဂျင်တီးနားဟာ နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အီကွေဒေါကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။