
ဘုတ်အဖွဲ့အလိုမရှိတော့ပါက ယူနိုက်တက်မှထွက်ခွာဖို့ အဆင်သင့်ရှိနေတယ်ဆိုတဲ့ အာမိုရင်
ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ဘုတ်အဖွဲ့က သူ့ကိုအလိုမရှိတော့ပါက အိုးလ်ထရက်ဖို့ဒ်ကနေ ချက်ချင်းထွက်ခွာသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆန်က သွင်းယူပေးခဲ့တာဖြစ်ပြီး တော့တင်ဟမ်အတွက် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားကို ပြန်လည်ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ယခုရှုံးပွဲကြောင့် ဆုဖလားနဲ့လွဲချော်ခဲ့ရတဲ့အပြင် နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။
ပွဲအပြီးမှာ အာမိုရင်က "ယူနိုက်တက်လိုအသင်းမျိုးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရတာ နာကျင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ပရီးမီးယားလိဂ်မှာ အာရုံစိုက်ဖို့ ပိုပြီးတော့ အချိန်ရစေပါလိမ့်မယ်။ ဒါကြောင့် နောက်ရာသီမှာ ပရီးမီးယားလိဂ်ကို အဓိက အာရုံစိုက်ပြီးယှဉ်ပြိုင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ အာမိုရင်ဟာ သူ့အနေနဲ့ သူ့အလုပ်အပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိကြောင်း "တကယ်လို့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ယူနိုက်တက်နဲ့သင့်တော်တဲ့နည်းပြက ကျွန်တော်မဟုတ်ဘူးလို့ ခံစားရရင် ကျွန်တော်မနက်ဖြန်မှာ လျော်ကြေးအကြောင်းတွေဘာတွေ ပြောမနေဘဲ အသင်းကနေ ထွက်ခွာသွားမှာပါ။ ဒါပေမယ့် ကျွန်တော်ဘောလုံးလောကကိုတော့ စွန့်လွှတ်သွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးပြောမနေတော့ပါဘူး။ အဲဒီလိုလုပ်တာက ကျွန်တော့်ရဲ့ပုံစံလည်းမဟုတ်ပါဘူး။ ပရိသတ်တွေကို ပြောစရာမရှိပါဘူး။ တိုးတက်အောင်လုပ်သွားရပါမယ်။ ကျွန်တော့်မှာ ပြဿနာတွေရှိနေပါတယ်"
"ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အပြင်းအထန်ကြိုးစားခဲ့ကြပါတယ်။ ဗဟိုခံစစ်မှူးတွေကအစ တိုက်စစ်အထိ လိုက်ကစားခဲ့ကြတာပါ။ သူတို့ရဲ့ဂိုးဧရိယာထဲကို ဖြတ်တင်ဘောတွေ အကြိမ်ကြိမ်ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြီးပြည့်စုံတဲ့ခြေစွမ်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ အများကြီးတိုးတက်ဖို့လိုနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။