The network connection is lost.

Banner Image

သူ့ရဲ့ညံ့ဖျင်းမှုကြောင့် ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားလာတဲ့ ဂွါဒီယိုလာ

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ၁-၂ နဲ့အရေးနိမ့်ပြီးနောက် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အဆိုပါရှုံးပွဲဟာ သူ့ရဲ့ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်လို့ ဝန်ခံလာခဲ့ပြီး လုံလောက်အောင်မကောင်းခဲ့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ မန်စီးတီးဟာ ပထမပိုင်းအတွင်း နောက်ခံလူ ဂျီဗာဒီအောရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို၊ ဒုတိယပိုင်းမှာလည်း ပွဲပြီးကာနီး ၈၈ မိနစ်အထိ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ ၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရကာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကိုတော့ ဘရူနိုဖာနန်ဒက်စ်နဲ့ အာမက်ဒီယာလိုတို့က ဆက်တိုက်သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီတီဟတ်မှာ နိုင်ပွဲပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲရလဒ်ကြောင့် မန်စီးတီးအနေနဲ့ ပက်ဂွါဒီယိုလာလက်ထက်အတွင်း ပထမပိုင်းမှာ ပြိုင်ဘက်ကို ဦးဆောင်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀၅ ပွဲမှာ ၄ ပွဲမြောက်အရှုံးနဲ့ ကြုံတွေ့ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်စီးတီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၉ မှတ်အထိကွာဟသွားခဲ့ပါတယ်။ 

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “များများစားစားပြောစရာမရှိပါဘူး။ ယူနိုက်တက်က အဆုံးထိ မယုံနိုင်လောက်အောက်ဇွဲကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ၂ ရာသီအတွင်း ၈ ပွဲအထိမရှုံးခဲ့တဲ့အခြေအနေတွေဖန်တီးနိုင်ခဲ့ပေမယ့် အခုတော့ နောက်ဆုံး ၁၁ ပွဲမှာ ၈ ပွဲအထိရှုံးနိမ့်သွားပါပြီ။ ဒါကို ကာကွယ်ပြောဆိုဖို့ စိတ်ကူးမရှိပါဘူး။ ဒီရှုံးပွဲကြောင့် ကစားသမားတွေကို အပြစ်မတင်ပါဘူး”

“ဂိုးတွေအလွယ်တကူပေးလိုက်ရတာက ကျွန်တော်တို့ရဲ့အမှားပါပဲ။ အသင်းရဲ့ကစားပုံမကောင်းလို့ ရလဒ်ဆိုးတွေကြုံတွေ့နေရတာပါ။ အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာနိုင်တယ်လို့ ကစားသမားတွေအနေနဲ့ ကြိုသိထားသင့်ပါတယ်။ ကိုယ့်ဂိုးဧရိယာထဲမှာ ဂရုတစိုက်ကိုင်တွယ်နိုင်ဖို့လိုပါတယ်။ မားသီးယက်စ်နူနက်စ်ကိုအပြစ်ပြောတာမဟုတ်ပါဘူး။ သူကဒီပွဲမှာ တကယ်ကောင်းခဲ့ပြီး သူ့ရဲ့ပုံမှန်မဟုတ်တဲ့နေရာမှာ ကစားခဲ့ရပါတယ်”

“ဒါကြောင့် ကျွန်တော်တို့လိုအပ်တာက အသင်းလိုက်ပိုကောင်းလာဖို့ပါ။ ကျွန်တော်ကလည်း လုံလောက်အောင်မကောင်းခဲ့ပါဘူး။ ကျွန်တော်က ဒီအသင်းရဲ့မန်နေဂျာပါ။ အဖြေရှာနေတာကြာပြီဆိုပေမယ့် အခုထိ ရှာမတွေ့နိုင်သေးပါဘူး။ အခုထက်ပိုကောင်းအောင်ကစားပြီး အခွင့်အရေးတွေဖန်တီးချင်ပေမယ့် မဖြစ်နိုင်သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ယခုဒီဇင်ဘာလအတွင်းမှာ မန်စီးတီးဟာ အက်စတွန်ဗီလာ၊ အဲဗာတန်၊ လက်စတာတို့နဲ့ယှဉ်ပြိုင်သွားရဖို့ရှိနေသေးပြီး နှစ်မကုန်ခင် နိုင်ပွဲပြန်လည်ရရှိဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး စပိန်သားက “ဒီနှစ်မှာ ဒါကအမြဲတမ်းလိုလိုဖြစ်နေပါတယ်။ ကံမကောင်းစွာပဲ အနိုင်ရလဒ်ကို အဝေးကိုလွှင့်ပစ်မိနေပါတယ်။ ကစားပုံကလည်း တိုးတက်မှုမရှိပါဘူး။ အသင်းက အတော်လေးရုန်းကန်နေရပါတယ်။ ရှုံးပွဲတွေလည်း အများကြီးကြုံတွေ့ထားရပါတယ်။ နိုင်ပွဲတွေပြန်လည်ရရှိဖို့ အဖြေရှာသွားရပါမယ်။ ကစားသမားတွေကို အပြစ်တင်လို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။