The network connection is lost.

Banner Image

ပရိသတ်ရဲ့လှောင်ပြောင်မှု ကို လက်ခံသွားရမယ်လို့ အာမိုရင်ဝန်ခံ

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ရာသီကြိုခြေစမ်းပွဲစဉ်မှာ အာဆီယံအောစတားအသင်းကို ၁-၀ နဲ့ အမှတ်မထင်ရှုံးနိမ့်ခဲ့ပြီးနောက် အပြစ်ရှိတယ်လို့ ခံစားရကြောင်း ဝန်ခံလာခဲ့ပြီး ပရိသတ်ရဲ့လှောင်ပြောင်မှု ကိုလက်ခံသွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆုဖလားနဲ့လွဲချော်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပေမယ့် ယခုအခါမှာ နောက်ထပ်တစ်ကြိမ် ရှုံးပွဲပြန်လည်ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ အာမိုရင်ဟာ ခြေစမ်းပွဲစဉ်ဖြစ်တာနဲ့အညီ အဓိက ကစားသမားတွေကို အနားပေးပြီး လူငယ်ကစားသမားတွေကို ပွဲထုတ်ယှဉ်ပြိုင်စေခဲ့ပေမယ့် အာဆီယံအောစတားအသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ မြန်မာ့လက်ရွေးစင် မောင်မောင်လွင်ရဲ့သွင်းဂိုးနဲ့အတူ အာရှမြေမှာ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ 

ကွာလာလမ်ပူမြို့ ဘူကစ်ဂျာလယ်အားကစားကွင်းကြီးထဲမှာ ကစားခဲ့တဲ့ ယခုပွဲစဉ်ကို ပရိသတ်ပေါင်း ၇ သောင်း ၂ ထောင်ကျော်လာရောက်ကြည့်ရှုခဲ့ကြပြီး ပွဲအပြီးမှာတော့ ယူနိုက်တက်ပရိသတ်တွေက အသင်းကို လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

အာမိုရင်က "အသင်းရှုံးပွဲကြုံတိုင်း ကျွန်တော့်မှာပဲအမြဲအပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒါကိုပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာလည်း ကျွန်တော်ပြောခဲ့ပြီးသားပါ။အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပြဿနာတွေတိုင်းက ကျွန်တော့်ရဲ့ အပြစ်ကြောင့်ပါပဲ" "ပြီးတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုက ကျွန်တော်တို့ လိုအပ်နေတဲ့အရာဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်မှာတုန်းက ကျွန်တော်တို့ ရှုံးပွဲကြုံပေမယ့် ပရိသတ်တွေက အဆက်မပြတ်အားပေးခဲ့ကြလို့ပါ။ ပရိသတ်တွေက ကျွန်တော်တို့နဲ့အတူ ရှိနေတုန်းပါ။ နောက်ရာသီကို စောင့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။ 

အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်အပြီးမှာ အာမိုရင်က ပိုကောင်းတဲ့နေ့ရက်တွေ ယူနိုက်တက်ထံရောက်ရှိလာတော့မယ်လို့ အခိုင်အမာပြောကြားခဲ့ပေမယ့် ယခုအခါမှာတော့ ရှုံးပွဲစတင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ အခုထက်ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုး ပြသသင့်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ နှေးနေခဲ့ပြီး၊ လေ့ကျင့်ရေးအပြည့်အဝ မဆင်းနိုင်ခဲ့တာကြောင့်လည်း ပါပါလိမ့်မယ်။ ဒါပေမယ့် အရေးကြီးတာက ဒီပွဲမှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာမတွေ့ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။