
ပီအက်စ်ဗွီနဲ့ပွဲမှာ မဖြစ်မနေဂိုးသွင်းနိုင်ရမယ်လို့ တင်းဘားအခိုင်အမာဆို
အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်းဘားက ပီအက်စ်ဗွီနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အသင်းအနေနဲ့ မဖြစ်မနေဂိုးသွင်းရမယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ပြီး နော်တင်ဟမ်ဖောရက်စ်ကို သရေကျထားခဲ့တဲ့ အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဗွီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားဖို့ လိုအပ်နေပါတယ်။
ယခုအခါမှာ တင်းဘားက "ကျွန်တော်တို့ စိတ်ဓာတ်တက်ကြွနေပါတယ်။ ချန်ပီယံလိဂ်က မယုံနိုင်စရာပြိုင်ပွဲပါ။ အုပ်စုအဆင့်မှာ ကျွန်တော်တို့ရဲ့စွမ်းရည်ကို သက်သေပြထားပြီးပါပြီ။ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့အသင်းရှိပြီး ဘယ်အသင်းကိုမဆို အနိုင်ရဖို့လုံလောက်တဲ့အရည်အသွေးလည်းရှိပါတယ်" "အာဆင်နယ်က အသင်းကြီးတစ်သင်းပါ။ ကိုယ့်ကိုယ်ကိုယ်ဒီအသင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုလို့ အပြည့်အဝယုံကြည်ပါတယ်။ မနက်ဖြန်ပွဲက ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုသွားမယ့် နောက်ထပ်ခြေလှမ်းတစ်လှမ်းပါပဲ"
"ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာမှာပါ။ ပီအက်စ်ဗွီကလည်း အရည်အသွေးမြင့်တဲ့အသင်းတစ်သင်းဆိုတာ သက်သေပြထားနိုင်ပါတယ်။ အသင်းတစ်သင်းအနေနဲ့ အရမ်းအင်အားတောင့်တင်းပါတယ်။ ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ အသင်းမှာ ဒဏ်ရာပြဿနာတွေရှိနေပြီး အထူးသဖြင့် တိုက်စစ်ပိုင်းက လူမစုံပေမယ့် ဂိုးသွင်းနိုင်တယ်ဆိုတာ သက်သေပြသသွားရပါမယ်"
"မနက်ဖြန်ပွဲမှာ ဂိုးသွင်းရပါမယ်။ ချန်ပီယံလိဂ်မှာအနိုင်ရဖို့လိုပါတယ်။ ကျွန်တော်တို့ ၂ ပွဲပဲကစားရမှာဖြစ်လို့ ဒုတိယအခွင့်အရေးကိုစောင့်မနေဘဲ အခုကတည်းက နိုင်ပွဲရရှိဖို့ ကြိုးစားထားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။