
ဖရန့်ဖတ်ကြယ်ပွင့် အက်ကီတီကီကို ပေါင် ၆၉.၅ သန်းနဲ့ကမ်းလှမ်းလိုက်တဲ့ နယူးကာဆယ်
နယူးကာဆယ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်ကြယ်ပွင့် အက်ကီတီကီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၉.၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်လာခဲ့တယ်လို့သိရပါတယ်။ နယူးကာဆယ်မတိုင်မီ အခြားဥရောပကလပ်တစ်ခုကတည်း အက်ကီတီကီအတွက် ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းမှုပြုလုပ်ထားပေမယ့် အဆိုပါကမ်းလှမ်းမှုကို ဖရန့်ဖတ်က ငြင်းပယ်ထားခဲ့ပါတယ်။ ယခုအခါမှာတော့ နယူးကာဆယ်အနေနဲ့ ၆၉.၅ သန်းတန်ကမ်းလှမ်းကို ဖရန့်ဖတ်ဘက်က လက်ခံသွားမလား စောင့်ကြည့်နေပါတယ်။
သတင်းတွေအရ နယူးကာဆယ်ဟာ အသက်-၂၃ နှစ်အရွယ်ကစားသမားကိုခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ အလျင်အမြန်ပြုလုပ်ခဲ့ပြီး ဖရန့်ဖတ်ထံ ကမ်းလှမ်းမှုတွေ ချက်ချင်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အက်ကီတီကီရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၈၆ သန်းအထိရှိနေတာကြောင့် ဖရန့်ဖတ်အနေနဲ့ နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံသွားမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်နဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ စွယ်စုံရတိုက်စစ်မှူးကို နယူးကာဆယ်သာမက မန်ချက်စတာယူနိုက်တက်၊ လီဗာပူးနဲ့ ဥရောပထိပ်သီးကလပ်အများအပြားက စိတ်ဝင်တစားစောင့်ကြည့်နေကြတာဖြစ်ပါတယ်။
နယူးကာဆယ်မှ ကော်လမ်ဝီလ်ဆန်ထွက်ခွာသွားခဲ့ပြီးနောက်မှာ နည်းပြအက်ဒီဟိုဝီအနေနဲ့ အသင်းရဲ့အဓိကတိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို အထောက်အပံ့ပေးနိုင်မယ့် တိုက်စစ်မှူးသစ်ကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ နယူးကာဆယ်အကြီးအကဲတွေဟာ အက်ကီတီကီကိုခေါ်ယူနိုင်ဖို့ ဖရန့်ဖတ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ထားတယ်လို့လည်း သတင်းတွေကဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် အန်သိုနီအီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူထားပြီးဖြစ်ပေမယ့် နောက်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားရဖို့ရှိနေတာကြောင့် ဟိုဝီဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိကအင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အက်ကီတီကီဟာ ဖရန့်ဖတ်အတွက် ပြိုင်ပွဲစုံ ၄၈ ပွဲပါဝင်ကစားခဲ့ပြီး ၂၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုနဲ့အတူ အက်ကီတီကီတစ်ယောက် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရသွားမလား စောင့်ကြည့်သွားရပါမယ်။