The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှ အသင်းရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် ‌ထိတ်လန့်မိတယ်လို့ ဝန်ခံလာတဲ့ ကွန်ညာ

စနေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာက အသင်းရဲ့ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို ယှဉ်ကစားဖို့ပင် အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပြီး ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်ကြောင့် ယခုရာသီ တတိယမြောက် ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ယခင်ရာသီတွေမှာလည်း ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ယခုပွဲစဉ်မှာတော့ အတော်လေးကို ညံ့ဖျင်းခဲ့တာဖြစ်ပြီး အဝေးကွင်းမှာဂိုးပြတ်ရှုံးပွဲပါ ကြုံတွေ့ခဲ့ရပါတယ်။

ယခုနိုင်ပွဲကြောင့် ဘရန့်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၄ ပွဲအတွင်း ၃ ပွဲအထိနိုင်ထားပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ယူထားတဲ့ ယူနိုက်တက်အနေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့ပြီလို့ ထင်ကြေးပေးခဲ့ကြပေမယ့် ဘရန့်ဖို့ဒ်ကိုတော့ ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ ၂ ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပြီးခဲ့တဲ့နွေရာသီက ဝုဗ်မှပြောင်းရွှေ့လာခဲ့တဲ့ ကွန်ညာက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်မိကြောင်းနဲ့ရှုံးပွဲတွေက အသင်းအတွက် အကျိုးသက်ရောက်မှုကြီးမားစေကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဘရာဇီးလက်ရွေးစင်က "အသင်းရဲ့စွမ်းဆောင်ရည်ကြောင့် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ကျွန်တော် အမြဲတမ်းပြောနေကျရှိပါတယ်။ ယူနိုက်တက်လိုအသင်းအတွက် ကစားပေးရမယ်ဆိုရင် ပွဲစဉ်တိုင်းကို အနိုင်ရဖို့လိုပါတယ်။ အခုတော့ အဆုံးသတ်က ကျွန်တော်တို့မျှော်လင့်သလိုမဟုတ်လို့ အတော်လေးထိတ်လန့်မိပါတယ်။ တစ်သင်းလုံး အခုထက်ပိုကောင်းဖို့လိုပါတယ်။ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ဖို့ကြိုးစားရပါမယ်"

"ကျွန်တော့်အနေနဲ့ ရှုံးပွဲအတွက် ဆင်ခြေတွေပေးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကောင်းကောင်းကစားနိုင်တာတော့မှန်ပေမယ့် သူတို့က ကျွန်တော်တို့ထက်ပိုကောင်းခဲ့ပါတယ်။ သူတို့ စိတ်ကြိုက်ကစားချင်တဲ့ပုံစံအတိုင်း ပွဲကိုထိန်းချုပ်နိုင်ခဲ့ကြတာပါ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးကွန်ညာက ဘရိုင်ယန်အမ်ဘွေမိုကို နောက်ကနေဆွဲချခဲ့တဲ့ ဘရန့်ဖို့ဒ်နောက်ခံလူ နာသန်ကောလင်းစ်အနေနဲ့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရသင့်တယ်လို့ပြောကြားလာခဲ့ပါတယ်။

ကစားသမားက "အဲဒီပြစ်ဒဏ်ဘောက သေချာပေါက်အနီကတ်ပြရမယ်လို့ထင်ပါတယ်။ ဒါပေမယ့် လူတိုင်းအမှားလုပ်တတ်ကြတာပါပဲ။ ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက် မှားသလား မှန်သလားကို လိုက်ဝေဖန်နေမယ့်သူ‌တော့မဟုတ်ပါဘူး" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာအထိကျဆင်းသွားခဲ့ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။