
အသင်းဖော်ကို ချီးကျူးစကားဆိုလိုက်တဲ့ ဘာစီလိုနာစတား ဆက်ဇနီ
ဘာစီလိုနာဂိုးသမား ဆက်ဇနီက အသင်းဖော်ဂိုးသမားသစ် ဂါစီယာမှာ ကြီးမားတဲ့အလားအလာကောင်းတွေရှိနေတယ်လို့ ချီးကျူးပြောကြားလိုက်ပါတယ်။ ပိုလန်သားက သူ့အနေနဲ့ ဂါစီယာကိုကူညီပေးနိုင်လို့ ပျော်ရွှင်နေပြီး ဥရောပရဲ့အလားအလာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဂါစီယာဟာ ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့တုန်းက အက်စ်ပန်ညိုအသင်းထံံကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဂါစီယာရောက်လာမှုကြောင့် နံပတ် ၁ ဂိုးသမား တာစတီဂျန်အနေနဲ့ ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိနေပါတယ်။ နည်းပြ ဖလစ်ကတော့ ဆက်သွယ်မှုရှိတာက ပိုကောင်းနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့သလို အသက် ၂၄ နှစ်သားက လာမယ့်အနာဂတ်မှာ ဘာစီလိုနာရဲ့ဂိုးသမားဖြစ်လာနိုင်တယ်လို့ လူသိရှင်ကြားထောက်ခံခဲ့ပါတယ်။ နယူးကာဆယ်နဲ့ချန်ပီယံလိဂ်ပွဲမှာ ဂါစီယာတစ်ယောက် ပွဲဦးထွက်ပါဝင်လာခဲ့ပြီးနောက် အသက် ၃၅ နှစ်သားက သူ့အခြေအနေကို ပြန်လည်သုံးသပ်ပြခဲ့ပါတယ်။
ဂျူဗင်တပ်စ်စတားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့ပြီး ဒီရာသီမှာ သူ့အနေနဲ့ ပွဲထွက်ခွင့်နည်းပါးနိုင်တယ်ဆိုတာကို သိထားပြီးလို့ အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်က လူစားဝင်တာပဲဖြစ်လာနိုင်ပါတယ်။ ဒါကိုလည်း ကြိုသိထားပါတယ်။ ကျွန်တော့်တာဝန်က ဒီရာသီမှာ ဂါစီယာကို ပွဲထွက်ကစားချိန်အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ပါ။ ကျွန်တော့်တာဝန်နဲ့ပတ်သက်ပြီး အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်စာချုပ်သစ်မှာကတည်းက အခုအခြေအနေကို ပြင်ဆင်ထားပြီးသားပါ။ ကျွန်တော် စိတ်မပျက်ပါဘူး။
သူ့မှာ ကြီးမားတဲ့အလားအလာရှိနေတဲ့ဂိုးသမားလို့ ကျွန်တော်ထင်ပါတယ်။ ဂျက်ကအတွေ့အကြုံပြတ်လပ်နေတာဖြစ်ပြီး အဲ့တာပဲလိုအပ်နေတာပါ။ ၃ ရက် ၁ ပွဲနှုန်းကို ဖိအားအောက်မှာကစားရတာ မလွယ်ပါဘူး။ အဲ့တာက သူ့အနေနဲ့ သင်ယူဖို့ လိုအပ်တာပါ။ အသင်းအောင်မြင်မှုရအောင် သူစွမ်းဆောင်ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဆက်ဇနီက ပြောကြားခဲ့ပါတယ်။ ဂါစီယာဟာ လာလီဂါ နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရထားပြီး ဆက်ဇနီက ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။ အခြေအနေတွေက ရှုပ်ထွေးနေဆဲဖြစ်ကာ တာစတီဂျန်ကတော့ နေရာရဖွယ်မရှိတော့တာဖြစ်ပါတယ်။ အသင်းဘက်ကတော့ အခုချိန်မှာ ဂါစီယာတိုးတက်လာဖို့ကိုပဲ အာရုံစိုက်နေပါတယ်။