The network connection is lost.

Banner Image

ဘွန်ဒက်စ်လီဂါမှာ နောက်ထပ် ၄ နှစ်လောက်ဆက်ကစားနိုင်ချေရှိနေတဲ့ ဘိုင်ယန်စတား

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ကိန်းတစ်ယောက် ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၀၀ ပြည့်ဖို့ ပစ်မှတ်ထားနေပြီး ဂျာမန်မြေမှာ နောက်ထပ် ၄ နှစ်လောက်ကစားနိုင်ချေရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေတာဖြစ်ပြီး နောက်ထပ် ၄ နှစ်လောက်ဆက်ကစားနိုင်ချေရှိနေပါတယ်။

ကိန်းဟာ တော့တင်ဟမ်ကနေပြောင်းလာပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၈၈ ပွဲမှာ ၈၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို အခုရာသီ အမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးစပ်နေကာ ကစားသမားဘ၀ ပထမဆုံးဆုဖလားရယူနိုင်တော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အပြင် မေဂျာလိဂ်ကလည်း စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်စတားဟောင်း ဟာမန်းက ကိန်းအနေနဲ့ လီဝန်ဒေါစကီးရဲ့ဂိုးသွင်းစံချိန်ကို လိုက်မီနိုင်ဖို့ ဂျာမန်မြေမှာဆက်နေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

“တကယ်လို့ ကိန်းအနေနဲ့ အခုစွမ်းဆောင်ရည်အတိုင်း ဆက်ကစားနိုင်မယ် ဒဏ်ရာလည်းကင်းစင်မယ်ဆိုရင် နောက်ထပ် ၄ နှစ်လောက် ဂျာမန်မြေမှာဆက်ကစားနိုင်ချေရှိသလို ဘွန်ဒက်စ်လီဂါဂိုး ၁၀၀ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်မှာပါ။ ဒီလိုလုပ်နိုင်တဲ့ကစားသမားအများကြီးမရှိပါဘူး။ ရာသီတိုင်းမှာ သူက ဘိုင်ယန်နဲ့အတူ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်မှာဖြစ်သလို ဒီလိဂ်မှာ ဂိုးအများဆုံးသွင်းယူထားနိုင်တာက လီဝန်ဒေါစကီးပဲရှိပါတယ်။ သေချာတာက သူသာ ဒီမှာဆက်နေမယ်ဆိုရင် စံချိန်တွေတင်နိုင်မှာဖြစ်သလို ဂိုးတွေလည်း ဆက်သွင်းနိုင်မှာပါ”လို့ ဟာမန်းက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ မြူးနစ်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ပြီးသားဖြစ်သလို ဘွန်ဒက်စ်လီဂါသွင်းဂိုး ၆၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ တကယ်လို့ အခုနှုန်းအတိုင်းဆက်သွားမယ်ဆိုရင် လက်ရှိစာချုပ်သက်တမ်းမကုန်ခင်မှာတင် ဂိုး ၁၀၀ ပြည့်စံချိန်ကို ရရှိနိုင်မှာဖြစ်ပါတယ်။