
ဘာစီလိုနာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ ရောက်ရှိပြီလို့ အာမ မခံနိုင်သေးကြောင်းပြောကြားလာတဲ့ ဖလစ်
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘင်ဖီကာကို ၀-၁ နဲ့အနိုင်ရထားခဲ့ပေမယ့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ကျန်ရှိနေသေးတာကြောင့် ကွာတားဖိုင်နယ်အဆင့်သို့ရောက်ရှိပြီလို့ အာမ မခံနိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ ပထမအကျော့မှာ ၀-၁ ဆိုတဲ့ရလဒ်နဲ့အတူ ဘင်ဖီကာကို အသာရထားခဲ့သလို၊ ဒုတိယအကျော့ကိုလည်း အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်လို့ နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ အခွင့်အရေးများနေတာဖြစ်ပါတယ်။သို့သော်လည်း ဖလစ်က "ကျွန်တော်တို့ ဒုတိယအကျော့မှာလည်း ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားဖို့လိုအပ်ပါတယ်။ ပထမအကျော့က ရလဒ်ကို မေ့ထားနိုင်ရင် အကောင်းဆုံးပါ။ကျွန်တော်တို့ ကွာတားဖိုင်နယ်ကိုရောက်ပြီလို့ ဘယ်သူမှအာမ မခံပေးနိုင်ပါဘူး။ ဒုတိအကျော့မှာလည်း အနိုင်ကစားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်က "ဘင်ဖီကာက နည်းပြကောင်းတစ်ယောက်ဦးဆောင်နေတဲ့ အသင်းကောင်းတစ်သင်းပါ။ သူ့တို့ရဲ့အဝေးကွင်းခြေစွမ်းကလည်း မခေပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘင်ဖီကာကို ဖိအားပေးကစားသွားမှာဖြစ်ပြီး ခံစစ်ကိုလည်း အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ပထမအကျော့မှာတုန်းက သူတို့ရဲ့တန်ပြန်တိုက်စစ်အစွမ်းကို သိထားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သေချာဂရုစိုက်သွားပါမယ်။ အာရုံစိုက်ပြီး နိုင်ပွဲရဖို့အတွက် ပြင်ဆင်သွားပါမယ်။ အသင်းအတွက် အရေးကြီးတဲ့အချိန်လည်းဖြစ်ပါတယ်" လို့ပြောကြားခဲပါတယ်။
ဖလစ်က လက်ရှိမှာ ဘာစီလိုနာရဲ့ပုံစံက အကောင်းဆုံးအခြေအနေမှာရှိနေကြောင်းနဲ့ ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဂျာမန်သားနည်းပြက "ကစားသမားတွေက မယုံနိုင်စရာကောင်းနေပါတယ်။ အရမ်းကောင်းတဲ့အခိုက်အတန့်ကိုရောက်ရှိနေကြပြီး၊ ယုံကြည်မှုလည်း မြင့်တက်နေကြပါတယ်။ ဒီလိုအခြေအနေကို ကာလရှည်ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ အဝေးကွင်းမှာ စွမ်းဆောင်ရည်ကောင်းခဲ့သလို အိမ်ကွင်းမှာလည်း တိုးတက်မှုကိုပြသသွားရပါမယ်"
"ပထမအကျော့မှာ ကျွန်တော်တို့ ရာဖင်ဟာရဲ့ဂိုးနဲ့နိုင်ခဲ့ပါတယ်။ ရာဖင်ဟာက ကျွန်တော်တို့ကို သူ့ရဲ့စွမ်းဆောင်ရည်နဲ့သာမက သွင်းဂိုးတွေနဲ့ပါ ကူညီပေးနေတာပါ။ ကစားသမားကောင်းတစ်ယောက်လိုအပ်တဲ့အရည်အချင်းတွေအားလုံး သူ့မှာရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။