လူးဝစ်အင်းနရစ်ရဲ့ ဘာစီလိုနာသမိုင်းတစ်လျှောက် နိုင်ပွဲရရှိမှုရာခိုင်နှုန်းအမြင့်ဆုံးစံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က နောက်ဆုံးရရှိလာတဲ့နိုင်ပွဲကြောင့် ပြီးခဲ့တဲ့ပိတ်ရက်မှာ ကတ္တလန်ဒေသခံကလပ်အသင်းသမိုင်းတလျှောက် အကောင်းဆုံးသမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာက ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညပိုင်း၊ ဗလန်စီယာမြေမှာ လီဗန်တေးကို လာလီဂါပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲစဉ်မတိုင်ခင် ဧည့်သည်ဘာစီလိုနာက ပြိုင်ပွဲစုံ ငါးပွဲကစား၊ ငါးပွဲ အနိုင်ရရှိထားတဲ့ ရာသီအစစံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။
ပွဲချိန်အပြီးမှာလည်း ဘာစီလိုနာက ပြိုင်ဘက်လီဗန်တေးကို ၄-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။
ဒီပွဲစဉ်ရလဒ်ပို်ငးနဲ့အတူ နည်းပြဟန်စီဖလစ်ခ်က ကတ္တလန်မြို့တော်ရဲ့သမိုင်းစာအုပ်မှာ သူ့ရဲ့အမည်ကို ခိုင်ခိုင်မာမာရေးထိုးနိုင်ခဲ့ပါတယ်။
ဘောလုံးစာရင်းဇယားပညာရှင်ဖရန်မာတီနက်ဇ် (Fran Martinez)က " ဒီနေ့မှာ လူးဝစ်အင်းနရစ်(၇၆ ဒဿမ ၂၄ ရာခိုင်နှုန်း)ကို ဟန်စီဖလစ်ခ်(၇၆ ဒဿမ ၄၂ ရာခိုင်နှုန်း)က ကျော်ဖြတ်ကာ ဘာစီလိုနာအသင်းသမိုင်းတလျှောက် ပွဲစဉ် ၁၀ ခုထက်မနည်း ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေအနက် နိုင်ပွဲရာခိုင်နှုန်းအမြင့်ဆုံးနည်းပြအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။