ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် ပရီးမီးယားလိဂ်ပြိုင်ဘက်ဆီ ရောက်ရှိလာနိုင်တဲ့ ဂန်းနားကြယ်ပွင့်စမစ်ရို
အာဆင်နယ်အသင်းက စမစ်ရိုကို ရောင်းချဖို့ ဖူလ်ဟမ်အသင်းနဲ့ ပေါင် ၃၅ သန်းတန်သဘောတူညီမှုတစ်ခု ရရှိရန် အလွန်နီးစပ်နေပြီလို့ သတင်းတွေမှာဖော်ပြလာပါတယ်။
အခုဇူလိုင်လအတွင်း စမစ်ရိုအတွက် ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို အာဆင်နယ်က ပယ်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့က ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုတွေနဲ့ ထပ်မံရောက်ရှိလာတယ်လို့ ယူဆရပါတယ်။
အာဆင်နယ်က ဖူလ်ဟမ်ရဲ့ ပေါင်သန်း ၃၀ တန် ကနဦးကမ်းလှမ်းမှုကို ပယ်ချပစ်ခဲ့တာပါ။ အလားတူ ခရစ္စတယ်ပဲလေ့စ်ကလည်း အသက်-၂၃ နှစ်အရွယ်ကစားသမားအတွက် ပေါင် ၃၅ သန်းအပြင် အပိုထပ်ဆောင်းဆုကြေးတွေ ပါဝင်မယ့် ကမ်းလှမ်းမှုအသစ်တစ်ခု လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့နှောင်းပိုင်း The Athletic သတင်းဌာနရဲ့ဖော်ပြမှုတွေအရ ဖူလ်ဟမ်အသင်းဟာ စမစ်ရိုကို ခေါ်ယူနိုင်ဖို့ နောက်ထပ်အဆင့်သစ်တစ်ခုဆီ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်နဲ့ သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီလု့ိ သိရပါတယ်။
ဒီသတင်းဌာနကပဲ ဖူလ်ဟမ်အနေဖြင့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုကိစ္စရပ်များကို အပြီးသတ်ဖို့ ကျန်ရှိနေသေးသလို အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ဆေးစစ်မှုလုပ်ငန်းစဉ်တွေ လုပ်ဆောင်ရဦးမယ်လို့ ဖော်ပြခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ စီနီယာအသင်းကြီးဆီ ရောက်ရှိလာတဲ့ စမစ်ရိုက အလားအလာကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အာတီတာရဲ့အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခု ခက်ခက်ခဲခဲချမှတ်ရမယ့်အခြေအနေကို ဂန်းနားတို့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း ပွဲကစားချိန်ရရှိမှုနည်းပါးခဲ့ပေမယ့် အာတီတာက စမစ်ရိုကို အခုနွေရာသီ၊ အသင်းမှာ ဆက်ရှိနေရေး လိုလားနေတယ်လို့ သိရပါတယ်။ စမစ်ရိုက ပေါင်ခြံဒဏ်ရာတစ်ခုကြောင့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ၁၄ ပွဲသာကစားနိုင်ခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့် သူက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ပရီးမီးယားလိဂ်ပွဲကစားချိန် ၅၀၈ မိနစ်သာ ရရှိထားခဲ့ပါတယ်။
စမစ်ရိုရဲ့ပေါင် ၃၅ သန်းတန်ပြောင်းရွှေ့မှုက အကယ်ဒမီထွက်ကစားသမားကို ရောင်းချနိုင်မှုဖြစ်လို့ အာဆင်နယ်အသင်းအတွက် အမြတ်ဝင်ငွေသီးသန့်ရရှိနိုင်တာကြောင့် အသင်းရဲ့ဘဏ္ဍာရေးကဏ္ဍအတွက် ကြီးမားတဲ့အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ်။
ကွင်းလယ်ကစားသမားက လက်ရှိမှာ အာဆင်နယ်အသင်းနဲ့အတူ အမေရိကန်ရာသီကြိုခရီးစဉ်အတွက် လော့စ်အိန်ဂျယ်လိစ်မြို့ဆီ ရောက်ရှိနေပါတယ်။ တဖက်မှာလည်း ဖူလ်ဟမ်က ဗုဒ္ဓဟူးနေ့၊ တံခါးပိတ်ခြေစမ်းပွဲစဉ်အတွင်း ကျူပီအာကို လေးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။