အက်စတွန်ဗီလာကို ပြောင်းချင်နေတဲ့ ဟာဗေးဘန်းစ်အတွက် နယူးကာဆယ်က ဈေးနှုန်းသတ်မှတ်
တောင်ပံကစားသမား ဟာဗေးဘန်းစ်က အက်စတွန်ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး နယူးကာဆယ်အသင်းဘက်ကလည်း သူ့အတွက် ရောင်းချမယ့်ဈေးနှုန်းကို သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။
လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲတွေဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် နယူးကာဆယ်အသင်းက ကစားသမားအတော်များများ အသင်းကနေ ထွက်ခွာကြဖို့ ရှိနေပါတယ်။
Express & Star ရဲ့ ဖော်ပြချက်အရ အသက် ၂၈ နှစ်အရွယ် ဘန်းစ်ဟာ အသင်းကနေ ထွက်ခွာမယ့်သူတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လာနိုင်ပြီး နယူးကာဆယ်က သူ့ရဲ့တန်ဖိုးကို ပေါင် ၄၀ သန်းလို့ သတ်မှတ်ထားပါတယ်။
အက်စတွန်ဗီလာကတော့ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို အမှတ်ပေးဇယား အဆင့် ၄ အတွင်းမှာ ရပ်တည်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် ဘန်းစ်ကို သူတို့အသင်းဆီ ခေါ်ယူဖြည့်တင်းဖို့ စိတ်ဝင်စားနေတာပါ။
အခုအပြောင်းအရွှေ့အပေါ် နှစ်ဖက်စလုံးက ဆန္ဒရှိနေကြတာကြောင့် အူနိုင်းအမ်မရီရဲ့အသင်းဘက်ကသာ တရားဝင်ကမ်းလှမ်းမှုတစ်ခု လုပ်လာမယ်ဆိုရင် ဘန်းစ်ဘက်ကလည်း ပြောင်းရွှေ့ဖို့ အသင့်ရှိနေပါတယ်။
ဘန်းစ်ဟာ နယူးကာဆယ်အတွက် ရလဒ်ပိုင်းမကောင်းခဲ့တဲ့ ရာသီအတွင်းမှာတောင် အသင်းအတွက် ၅၇ ပွဲ ကစားပေးခဲ့ပြီး ၁၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အားကိုးရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။