The network connection is lost.

Banner Image

၂၀၃၅ ခုနှစ်အထိ နည်းပြအလုပ်ကနေ အနားယူမှာမဟုတ်ဘူးလို့ ပက်ဂွါဒီယိုလာ ပြောကြား

ပက်ဂွါဒီယိုလာက ၂၀၃၅ ခုနှစ်မတိုင်ခင်အထိ နည်းပြအလုပ်ကနေ အနားယူမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။  ဒါဟာ မန်စီးတီးအသင်းရဲ့ လေ့လာသုံးသပ်သူဟောင်း ကာလီပလန်ချတ်က နည်းပြအနေနဲ့ အနားယူသင့်တယ်လို့ အကြံပြုခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အီတီဟတ်မှာ ၉ ရာသီကြာနည်းပြလုပ်ကိုင်နေတဲ့ ပက်ဂွါဒီယိုလာက အသင်းကိုခေတ်သစ်ဆီသို့ ဦးဆောင်နိုင်ဖို့အတွက် စိတ်အားထက်သန်မှုတွေရှိနေသေးတယ်လို့ဆိုပါတယ်။

လက်ရှိစာချုပ်သက်တမ်း ၂၀၂၇ ခုနှစ်အထိရှိတဲ့ ဂွါဒီယိုလာက သောကြာနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ "သူပြောတာမှန်ပါတယ်၊ ဒါပေမဲ့ ၂၀၃၅ ခုနှစ်ကျမှ ကျွန်တော်စဉ်းစားမှာပါ။ ကျွန်တော်အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့အများကြီးပြောင်းလဲခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝန်ထမ်းတွေနဲ့ ကစားသမားသစ်တွေရဲ့ စိတ်အားထက်သန်မှုက ကျွန်တော့်ကိုဆက်ပြီးလုပ်ဆောင်နိုင်အောင်အားပေးပါတယ်။ ကျွန်တော်ကပြဿနာဖြစ်နေပြီလို့ခံစားရတဲ့အခါ ကျွန်တော်အနားယူမှာပါ၊ ဒါပေမဲ့ အခုချိန်မှာတော့ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းအောင် အသင်းကိုကူညီဖို့ စိတ်အားထက်သန်မှုတွေရှိနေဆဲပါ"လို့ ပြောခဲ့ပါတယ်။

စပိန်နည်းပြကြီးကတော့ အသင်းကို ဖလားသုံးလုံးရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ အဓိကကစားသမားတွေအနားယူခဲ့ကြပြီးနောက် အသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက် "မပြီးဆုံးသေးတဲ့ကိစ္စ" တွေရှိနေသေးတယ်လို့ပြောပါတယ်။ ဂွါဒီယိုလာက "ပြိုင်ပွဲတွေနီးလာတဲ့အခါ ကျွန်တော်တို့ကောင်းမွန်စွာလုပ်ဆောင်ချင်ပါတယ်။ အဲဒါကရည်မှန်းချက်ပါပဲ။ ကျွန်တော်တို့ဟာ ပွဲတိုင်းမှာတိုးတက်နေတာကိုတွေ့ရပြီး အဲဒါကကျွန်တော့်ကိုဆက်လုပ်ဖို့အတွက် လှုံ့ဆော်ပေးနေပါတယ်"လို့ ဆိုပါတယ်။

ဘယ်လောက်ကြာကြာနည်းပြဆက်လုပ်သွားမလဲလို့မေးမြန်းတဲ့အခါ ဂွါဒီယိုလာက "ဒါကသဘာဝအတိုင်းဖြစ်လာမှာပါ။ အနားယူဖို့အချိန်တန်ပြီဆိုတာကို သင်သိမှာပါ။ [ဥက္ကဋ္ဌ] ခါလ်ဒွန်အယ်လ်မူဘာရက်နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက ပွင့်လင်းပြီး ခိုင်မာပါတယ်။ အပြောင်းအလဲလုပ်ဖို့အချိန်တန်ပြီဆိုရင် ဒါဟာ သဘာဝအတိုင်းဖြစ်လာမှာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်ဒီမှာပဲရှိနေပါတယ်" လို့ဖြေကြားခဲ့ပါတယ်။