The network connection is lost.

Banner Image

ဒဏ်ရာရကစားသမားစာရင်းမြင့်တက်လာမှုအပေါ် စိုးရိမ်မကင်းဖြစ်နေတဲ့ ပက်ဂွါဒီယိုလာ

ချဲလ်ဆီးနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဒဏ်ရာပြဿနာတွေနဲ့အတူ ဂျီဗာဒီအောနဲ့ ရူဘင်ဒီယက်စ်တို့ ထွက်ခွာသွားပြီးနောက် အရန်ခုံတန်းလူစာရင်းအင်အားဖြည့်တင်းနိုင်ဖို့ အကယ်ဒမီကစားသမားတွေကို ပိုမိုခေါ်ယူရန် လိုအပ်လာနိုင်တယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ပြောပါတယ်။

အခုအီတီဟတ်ကွင်းပွဲစဉ်မှာ နောက်ကျချေပဂိုးခွင့်ပြုပေးလိုက်ရတဲ့ မန်စီးတီးက နှစ်ပွဲဆက်သရေရလဒ်နဲ့အတူ ပွဲစဉ် ၂၀ ကစားပြီးချိန် အမှတ်ပေးချန်ပီယံဆုပြေးလမ်းပြိုင်ဘက်အာဆင်နယ်နဲ့ ခြောက်မှတ်အထိ ကွာဟသွားပါတယ်။ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ဂျီဗာဒီအောရဲ့အခြေအနေကို မနက်ဖြန်အထိ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဒါပေမဲ့ သူရော၊ ရူဘင်ဒီယက်စ်ပါ အဆင်ပြေတဲ့ပုံမျိုး မတွေ့ရပါဘူး။

အသင်းဆရာဝန်တွေနဲ့ ကျွန်တော် စကားမပြောရသေးပါဘူး။ ဒါပေမဲ့ ရူဘင်ဒီယက်စ်ဆက်မကစားနိုင်ဘူးဆိုတာ သူ့မှာ တစ်ခုခုခံစားနေရလို့ ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်အတွက် အရန်ခုံတန်းကိုရော မြင်လိုက်ကြသေးလား? အကယ်ဒမီကစားသမားလေးဦးလောက် ပါဝင်ပါတယ်။ အခုဆိုရင် ပိုပြီးတောင် လိုအပ်လာပါဦးမယ်။ ကျွန်တော့်တို့ဆီမှာ ကစားသမားအင်အား မရှိတော့ပါဘူး”လို့ ပြောပါတယ်။

မန်စီးတီးက ပေါင်ခြံဒဏ်ရာကြောင့် နောက်ဆုံးခြောက်ပွဲဆက်လွဲချော်ထားတဲ့ ဗဟိုခံစစ်မှူးဂျွန်စတုန်းစ်ကို လက်လွှတ်ထားရသလို ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေနဲ့အတူ ရုန်းကန်နေရတဲ့ နသန်အကီကိုလည်း ပွဲကစားချိန်ပေးနိုင်ရေး စောင့်ကြည့်နေရပါတယ်။ အခုလိုဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် ပက်ဂွါဒီယိုလာက သူ့အသင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေရင် ယှဉ်ပြိုင်နိုင်စွမ်းပါ ရရှိလာလိမ့်မယ်လို့ အပြည့်အဝလက်ခံထားပါတယ်။

စပိန်သားနည်းပြက “ ယမန်နှစ်ဘောလုံးရာသီအဖြစ်အပျက်တွေအပြီး ကျွန်တော်တို့သာ ယုံကြည်မှုရှိရှိ၊ အင်အားတောင့်တင်းနေမယ်ဆိုရင် အဖြေတစ်ခုရှာဖွေနိုင်ပြီး စိတ်ဓါတ်ပိုင်းလည်း ကောင်းမွန်လာပါလိမ့်မယ်။ ဒီလိုစိတ်ဓါတ်ပိုင်းသာ ကောင်းမွန်လာမယ်ဆိုရင် ကျွန်တော်တို့လည်း အဆင်ပြေပါလိမ့်မယ်”လို့ ပြောပါတယ်။

မန်စီးတီးက လာမယ့်စနေနေ့၊ မဟာပြိုင်ဘက်မန်ချက်စတာယူနိုက်တက်နဲ့ မရင်ဆိုင်ခင် ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်ကို ဧည့်ခံကစားသွားရပါမယ်။