The network connection is lost.

Banner Image

ဒီဘရိုင်းဆိုတာ အစားထိုးဖို့ခက်ခဲတဲ့ ကစားသမားဖြစ်တယ်လို့ ပြောလာတဲ့ ပက်ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက အခုနွေရာသီ၊ အသင်းမှထွက်ခွာတော့မယ့် ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးနိုင်ဖို့ဆိုတာ မန်စီးတီးအတွက် အလွန်ခက်ခဲလိမ့်မယ်လို့ ပြောပါတယ်။ အခုသီတင်းပတ်သောကြာနေ့မှာပဲ ကမ္ဘာ့ဘောလုံးလောကရဲ့အထွန်းတောက်ဆုံးကစားသမားတစ်ဦးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့တဲ့ ဒီဘရိုင်းက အီတီဟတ်မှထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ်ကွင်းလယ်ကြယ်ပွင့်က မန်စီးတီးနဲ့အတူ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူနိုင်ခဲ့ပြီး ဆုဖလား ၁၉ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း မန်စီးတီးအသင်းရဲ့ရှေ့ခရီးလမ်းအကြောင်း မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက ဘယ်လ်ဂျီယံသားရဲ့နေရာမှာ အစားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေမယ့် အသင်းလူစာရင်းပိုင်းအတွက် အဖြေတစ်ခုတော့ ရှာဖွေသွားရပါလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်ကိန်းဂဏန်းတွေကို ထပ်တူထပ်မျှလုပ်ဆောင်ပြဖို့ဆိုတာ အရမ်းခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာရှိနေတဲ့ အခြားအရည်အသွေးတွေကိုလည်း ရှာဖွေသွားရပါလိမ့်မယ်။ လက်ရှိကစားသမားအစုအဖွဲ့နဲ့ အခုရာသီကို ဘယ်လိုအဆုံးသတ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဒီဘရိုင်းက လက်ရှိအစုအဖွဲ့မှာ စာချုပ်သက်တမ်းပြည့်မြောက်မယ့် တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။ ကျန်တဲ့ကစားသမားတွေကတော့ စာချုပ်သက်တမ်းတွေ ရှိနေပါသေးတယ်။

အခုအချိန်မှာတော့ ကလပ်အသင်းဘက်ကရော၊ ကျွန်တော်ကိုယ်တိုင်ကပါ ဘာတွေလုပ်သွားရမယ်ဆိုတာ အတိအကျမဆုံးဖြတ်ရသေးပါဘူး။ အမှန်ပါပဲ၊ တကယ်ကို ခက်ခဲလွန်းပါတယ်။ လူတွေကတော့ အဂူရိုနေရာအတွက် ဟာလန်းရောက်ရှိလာတယ်လို့ ပြောကြပါတယ်။
အဂူရိုဆိုတာ သွင်းဂိုးတွေတင်မက အခြားကိစ္စတွေအတွက်ပါ အစားထိုးလို့မရနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးရတဲ့အခါ ပျော်စရာကောင်းပါတယ်။

အဂူရိုက ထူးခြားတဲ့အရာတွေ ဖန်တီးပေးသလို ဟာလန်းကလည်း အလားတူဖန်တီးပေးပါတယ်။ အဂူရိုက ကလပ်အသင်းသမိုင်းမှာ အထူးအရေးပါတဲ့ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။
ကလပ်အသင်းအတွက် ဒီလိုကစားသမားမျိုးကို နှုတ်ဆက်စကားပြောရတာ အလွန်ခက်ခဲပါတယ်။ ဒီမှာရှိနေတဲ့ကာလတွေအတွက် ကွန်ပနီ၊ အဂူရို၊ ဒီဘရိုင်းတို့လို ဂန္တဝင်တွေကို ကျွန်တော် အမြဲချစ်ခင်သွားပါမယ်။

အထူးသဖြင့် ခက်ခဲတဲ့အခိုက်အတန့်တွေမှာ ရှိနေခဲ့တဲ့ ဆက်နွယ်မှုအားလုံးကိုပေါ့။ နည်းပြအတွက်ပဲဖြစ်ဖြစ်၊ အသင်းဖော်အတွက်ပဲဖြစ်ဖြစ်၊ အသင်းဝန်ထမ်းတွေ (သို့) ဂျာနယ်လစ်တွေအတွက်ပဲဖြစ်ဖြစ် မလွယ်ကူလှပါဘူး။ တချို့ကစားသမားတွေက ထူးခြားပြောင်မြောက်လှပြီး အဲ့ဒီအထဲမှာ ဒီဘရိုင်းလည်း ပါဝင်ပါတယ်။  အခုအချိန်မှာတော့ ဒီဘရိုင်းထွက်ခွာမှုက ရှော့ခ်ရစရာကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့အတူ ဒီလိုကစားသမားတွေကို နှစ်ပေါင်းများစွာကြာ မြင်တွေ့ခဲ့ရလို့ ဘယ်လောက်ပျော်စရာကောင်းသလဲဆိုတာ လူတွေအားလုံး မှတ်မိနေပါလိမ့်မယ်။ သူက ကျွန်တော်တို့အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပြီး ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကလပ်အသင်းဘက်ကလည်း သူ့အတွက် အများကြီးဖန်တီးပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။

ဒီဘရိုင်းက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဒုတိယမြောက်ဂိုးဖန်တီးမှုအများဆုံးကစားသမား (၁၁၈ ကြိမ်) အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံကြယ်ပွင့်က ဂိုးသွင်းကောင်းသူလည်း ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ဧပြီလအတွင်း ကောလင်းဘဲလ်နောက်ပိုင်း မန်စီးတီးအတွက် ရာပြည့်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကွင်းလယ်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးအပြင် ပက်ဂွါဒီယိုလာက အီတီဟတ်မှာရှိနေစဉ်ကာလတလျှောက်လုံး ဒီဘရိုင်းရဲ့ အလုပ်အပေါ်ထားရှိတဲ့ ကျင့်ဝတ်စံနှုန်းတွေကိုလည်း ထောက်ပြပေးသွားဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

ဒီဘရိုင်းရဲ့ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ ပြိုင်ဘက်ခံစစ်ဇုန်ထဲမှာ ဘောလုံးအမြင်စူးရှထက်မြက်လွန်းရုံသာမက ပြေးလွှားခဲ့တဲ့ ကီလိုမီတာတွေနဲ့ စွမ်းဆောင်ပြခဲ့တဲ့အရာတွေအတွက် ဖြစ်ပါတယ်။ အဆုံးမှာတော့ ကလပ်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့လို့ လွန်ခဲ့တဲ့တစ်နှစ်ခွဲတာကာလအတွင်း ဒီဘရိုင်းမှာ ဒဏ်ရာပြဿနာများစွာ ရှိလာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ခေတ်သစ်ဘောလုံးကမ္ဘာမှာ တံကောက်ကြောဒဏ်ရာက မကြာခဏဆိုသလို ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီကလပ်အသင်းမှာလည်း ဖြစ်လာပါတယ်။

ကစားသမားတွေက အရာရာတိုင်းကို လုပ်ဆောင်ပေးနေရလို့ တံကောက်ကြောဒဏ်ရာပြဿနာတွေ ပေါ်ပေါက်လာရခြင်းအကြောင်းရင်းကို ကျွန်တော်တို့ သိကြပါတယ်။ စိတ်ခန္ဓာအရလည်း အရာအားလုံးကို ဒီဘရိုင်း လုပ်ပေးခဲ့ပြီးပါပြီ”လို့ ပြောပါတယ်။