The network connection is lost.

Banner Image

အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်လာတော့မယ့် ဂရစ်ဇ်မန်း

ဆီမြွန်နီရဲ့အက်သလက်တီကိုအသင်းဟာ ဖေဖော်ဝါရီလတုန်းက အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပထမအကျော့ပွဲမှာ ၁-၀ နဲ့အရေးနိမ့်ခဲ့ပြီး ဂရစ်ဇ်မန်းက ခြေကျင်းဝတ်လည်နေတာကြောင့် အဆိုပါပွဲကို လွဲချော်ခဲ့ပါတယ်။

ပြင်သစ်သားဟာ အဲ့ကတည်းက ၄ ပွဲလောက်လွဲချော်ခဲ့ပြီး တီကိုက ၁ ပွဲသာ အနိုင်ရရှိခဲ့ကာ အခုတော့ အင်တာမီလန်နဲ့ ဒုတိယအကျော့ပွဲမှာ ပြန်လာတော့မယ်လို့ စပိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ တီကိုဟာ အဆိုပါပွဲမှာ အင်တာမီလန်ကို အနော်တိုဗစ်ရဲ့တစ်လုံးတည်းသော ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ တီကိုဟာ ဘာစီလိုနာနဲ့ပွဲကျပ်ကန်ရမှာဖြစ်ပြီး အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ရာသီအစ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် တီကိုဟာ ကိုပါဒယ်ရေးကနေ ထွက်ခွာခဲ့ရသလို အခုလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာက ရီးရဲလ်နဲ့ ၁၄ မှတ်အထိ ကွာဟနေပါတယ်။

စနေနေ့တုန်းက ကာဒစ်ဇ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့သေးတာဖြစ်ပြီး စက်တက်ဘာလနောက်ပိုင်း ကာဒစ်ဇ်က ပထမဆုံး လာလီဂါနိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကျဆင်းနေပေမယ့် ဆီမြွန်နီက အင်တာမီလန်နဲ့ပွဲမတိုင်ခင် သူ့အသင်းသားတွေဘက်က ထောက်ခံခဲ့ပါတယ်။

“ဒီအသင်းက အရာအားလုံးပေးလိမ့်မယ်ဆိုတာ ကျွန်တော်ခံစားနေရပါတယ်။ မှန်ကန်တဲ့ နည်းလမ်းကို မရှာနိုင်သေးတာပါ။ ကျွန်တော် ကစားသမားတွေနဲ့အတူ တိုက်ပွဲဝင်သွားမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဘာပေးနိုင်လဲဆိုတာရယ် သူတို့ကြီးမားတဲ့အရာတွေလုပ်နိုင်တယ်ဆိုတာရယ်ကို ကျွန်တော်သိတာကြောင့်ပါ”လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။

ဒီရာသီဥရောပမှာ အောင်မြင်မှုရဖို့က ဆီမြွန်နီအတွက် နောက်ဆုံးအခွင့်အရေးဖြစ်သလို ဂရစ်ဇ်မန်းလည်း ပြန်ရောက်လာတာကြောင့် အခွင့်အရေးပိုကောင်းနေပါတယ်။ အသက် ၃၂ နှစ်သားဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

တီကိုရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ဟာ ကောင်းမွန်တာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၀ ပွဲမှာ ၁၈ ပွဲအထိ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ခံစစ်က ပြဿနာရှိနေပြီး အသစ်ရောက်လာတဲ့ ဂါဘရီရယ်ပေါ်လစ္စတာကလည်း ကာဒစ်ဇ်နဲ့ပွဲမှာ အမှားများခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ အင်တာနဲ့ပွဲအတွက် သေချာလေးပြင်ဆင်ရပါမယ်။ စကားလုံးတွေအတွက် အချိန်မရှိပါဘူး။ ကျွန်တော်အလုပ်နဲ့သက်သေပြဖို့ လိုအပ်ပါတယ်”လို့ ဆီမြွန်နီက ထပ်လောင်းပြောကြားခဲ့ပါတယ်။