
နည်းပြ ဗင်းဆင့် ကွန်ပနီက သူ့ကို မည်မျှ တန်ဖိုးထားကြောင်း ပြောကြားလိုက်တဲ့ လီယွန်ဂိုရက်ဇ်ကာ
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ လီယွန် ဂိုရက်ဇ်ကာက သူ့အား အားကိုးပြီး တန်ဖိုးထားကြောင်း ပြသတဲ့အတွက် နည်းပြချုပ် ဗင်းဆင့် ကွန်ပနီကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တွင် သူ့ရဲံ အနာဂတ်နှင့်ပတ်သက်၍ မရေမရာဖြစ်နေမှုများကြားမှ ဂိုရက်ဇ်ကာက လာမယ့်ရာသီတွင် ကလပ်တွင် ဆက်လက်နေထိုင်လိုပြီး လက်ရှိစာချုပ်ကိုလည်း သက်တမ်းတိုးရန် အဆင်ပြေကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ အသက် ၃၀ နှစ်အရွယ် ကစားသမားက နည်းပြချုပ် ကွန်ပနီဟာ သူ့အား အားကိုးခြင်းဖြင့် အလွန်တန်ဖိုးထားကြောင်း ခံစားရစေပြီး သူ့ကို ကလပ်ရှိ အရေးအကြီးဆုံးပုဂ္ဂိုလ်ဟု ခေါ်ဆိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အလက်ဇန်ဒါ ပါဗလိုဗစ် ပေါ်ထွက်လာပြီးနောက် ဂိုရက်ဇ်ကာက ၂၀၂၄-၂၅ ရာသီတွင် သူ့ရဲ့ အခန်းကဏ္ဍ လျော့ကျသွားတာကို တွေ့ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ရာသီအဖွင့်ပွဲစဉ်အတွက် နည်းပြကွန်ပနီက သူ့အား ပွဲထွက်လူစာရင်းမှ ရက်ရက်စက်စက် ချန်လှပ်ခဲ့ပြီး ပထမဆုံး လအနည်းငယ်ခန့် ခက်ခဲခဲ့ပြီးနောက် ဂျာမန်လက်ရွေးစင်က ဆက်လက်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ဘယ်လ်ဂျီယံနည်းပြရဲ့ ယုံကြည်မှု ကို ရရှိခဲ့ပါတယ်။ ထို့ကြောင့် ကွန်ပနီကလည်း ဘိုင်ယန်က ကစားသမားကို ဖယ်ရှားလိုနေသော်လည်း ရာသီကုန်အထိ ယုံကြည်မှုပြသပြီး အားကိုးခြင်းဖြင့် တုံ့ပြန်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ဂိုရက်ဇ်ကာဟာ စုစုပေါင်း ၂၂ ပွဲ ပွဲထွက်ကစားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၌ လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဂိုရက်ဇ်ကာက "ကျွန်တော် ဘိုင်ယန်မှာရှိနေလို့ အရမ်းပျော်ပါတယ်။ အဲ့ဒါက လုံလောက်စွာ ဆွေးနွေးပြီးပါပြီ။ ကျွန်တော့်အတွက် ခက်ခဲစွာ စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမရာသီဝက်ရဲ့ အလယ်ပိုင်းလောက်မှာ ကျွန်တော့်ကို ထပ်မံလိုအပ်လာခဲ့ပါတယ်"
"ရိုးရိုးသားသားပြောရရင် နည်းပြဆီကနေ အစကတည်းက ကျွန်တော့်ကို အလွန်တန်ဖိုးထားတယ်လို့ ခံစားခဲ့ရပါတယ်။ အဲ့ဒီအတိုင်းလည်း ဆက်ရှိနေပါတယ်။ နည်းပြဟာ ကျွန်တော့်အတွက် ကလပ်မှာ အရေးအကြီးဆုံးပုဂ္ဂိုလ်ပါ။ ပြီးခဲ့တဲ့နှစ်က အသင်းကို ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ လာမယ့်ရာသီမှာလည်း အဲ့ဒီအတိုင်း ဆက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ရှော်လ်ကေး ကွင်းလယ်လူဟောင်းက လာမည့်ရာသီတွင် အလီယန်ဇ် အာရီနာ၌ ဆက်လက်နေထိုင်လိုသော သူ့ရဲ့ ဆန္ဒကိုလည်း အတည်ပြုခဲ့သည်။ သူက "ကျွန်တော် ပြိုင်ပွဲပေါ်မှာပဲ အာရုံစိုက်နေပါတယ်။ ပြီးတော့ ပြောခဲ့သလိုပါပဲ၊ ကျွန်တော် ဘိုင်ယန်မှာရှိနေလို့ ပျော်ပါတယ်။ ဆွေးနွေးမှုတွေကတော့ အမြဲတမ်း ရှိနေပါတယ်။ ကိုယ့်ကလပ်ကနေ စာချုပ်အသစ် ကမ်းလှမ်းခံရတယ်ဆိုတာ တန်ဖိုးထားတဲ့ လက္ခဏာပါပဲ။ ဒါကြောင့်လည်း နားထောင်ရမှာပေါ့။ ဘာမှ မရောက်သေးဘူး၊ ဒါဆို ကျွန်တော့်အတွက် အဆင်ပြေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဂိုရက်ဇ်ကာဟာ လာမည့် ဇွန်လ ၂၉ ရက် တနင်္ဂနွေနေ့ ဘိုင်ယန်ရဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်တွင် ဘရာဇီးအင်အားကြီးကလပ် ဖလာမင်ဂိုနှင့် ယှဉ်ပြိုင်တဲ့အခါထပ်မံ ပွဲထွက်ကစားရဖွယ်ရှိနေပါတယ်။