နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ တရားဝင်ကြေညာလိုက်တဲ့ ဂျီရော့ဒ်
ပြင်သစ်လက်ရွေးစင်အသင်းရဲ့သွင်းဂိုးအများဆုံး စံချိန်ရှင်ဂျီရော့ဒ်က X လူမှုကွန်ရက်စာမျက်နှာမှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝအနားယူပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှ ပြင်သစ်အသင်းနဲ့အတူ ထွက်ခွာလာရတဲ့ အသက်-၃၇ နှစ်အရွယ်တိုက်စစ်မှူးက လတ်တလောမှာ အမေရိကန်မေဂျာလိဂ်ကလပ် LAFC ဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
“အလွန်ကြောက်စရာကောင်းတဲ့စကားတစ်ခွန်းပြောရမယ့် အချိန်ရောက်ရှိလာပါပြီ။ ပြင်သစ်လက်ရွေးစင်အသင်းကို နှုတ်ဆက်ပါတယ်လို့ ပြောပါရစေ”လို့ ဂျီရော့ဒ်က ဖော်ပြခဲ့ပါတယ်။ ဂျီရော့ဒ်က သူ့ရဲ့နိုင်ငံလက်ရွေးစင်ကစားသမားဘဝနှုတ်ဆက်ထွက်ခွာမှုကို ပြင်သစ်အသင်းရဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအောင်ပွဲ ခြောက်နှစ်မြောက်နှစ်ပတ်လည်နေ့၊ ဇူလိုင် ၁၅ ရက်မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းက သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့ပါတယ်။ ၁၃ နှစ်နီးပါးကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်း အတွက် ဂျီရော့ဒ်က ၁၃၇ ပွဲကစား၊ ၅၇ ဂိုး သွင်းယူပြီး အွန်နရီ(၅၁ ဂိုး)ကို ကျော်ဖြတ်ကာ အထင်ကြီးလောက်စရာစံချိန်မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ သူက အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ နေရှင်းလိဂ်ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျီရော့ဒ်က သူ့အပေါ်ယုံကြည်ပေးခဲ့တဲ့ လက်ရှိပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်စ်နဲ့ အသင်းဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
“ကျွန်တော် ၁၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အခု ပြင်သစ်လက်ရွေးစင်အသင်းက ကျွန်တော့်ရဲ့နှလုံးသားမှာ အစဉ်ထာဝရရှိနေပါလိမ့်မယ်။ ဒါက ကျွန်တော့်အတွက်တော့ အကြီးမားဆုံးဂုဏ်ယူမှုနဲ့ အကောင်းဆုံးသမိုင်းမှတ်တမ်းတွေ ဖြစ်ပါတယ်”လို့ ဂျီရော့ဒ်က ဆက်ပြောပါတယ်။