သူတို့ဘဝက တခြားမိသားစုတွေလိုပါပဲလို့ ပြောလာတဲ့ ဂျော်ဂျီနာ
သူဟာ တစ်ခါတုန်းကတော့ အလုပ်သွားဖို့အတွက် ဘက်စ်ကား တိုးစီးခဲ့ရသူပါ။ ဒါပေမဲ့ အခုတော့ ပေါင် ၁.၅သန်းတန် ဘူဂတ်တီကားလေးစီးနေပါပြီ။ ဘောလုံးအကျော်အမော် ရော်နယ်ဒိုရဲ့အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ လူမှုမီဒီယာမှာ Followers အများဆုံး အမျိုးသမီးတစ်ဦးအဖြစ်လည်း ရပ်တည်နေပါတယ်။ သူ့ရဲ့အသက် ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Netflix ကနေ ဖြန့်ချိခဲ့တဲ့ I Am Georgina documentary မှာ သူ့ရဲ့ဘဝအကြောင်း ခရေစေ့တွင်းကျမကျန် ပြောပြလာပါတယ်။
အဲဒီ documentary ထဲမှာ ၂၀၀၅ နဲ့ ၂၀၀၉ ခုနှစ်အတွင်း ရော်နယ်ဒို ရင်ဆိုင်ခဲ့ရတဲ့ မုဒိန်းမှုစွဲချက်တွေနဲ့ပတ်သက်လို့ ဂျော်ဂျီနာက ဘာတစ်ခွန်းမှ မှတ်ချက်မပေးခဲ့သလို မိသားစုအတွင်း အဲဒီဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ တင်းမာမှုတွေကိုလည်း ဖွင့်မပြောခဲ့ပါဘူး။ I Am Georgina ဆိုတဲ့ Documentary ထဲမှာ ရော်နယ်ဒိုနဲ့ ဘယ်လိုလက်ထပ်မယ်ဆိုတဲ့အကြောင်း၊ ချစ်စရာကောင်းတဲ့ ကလေးတွေအကြောင်းနဲ့ အားကျဖွယ်သုံးစွဲမှုတွေ အကြောင်းပဲ များသောအားဖြင့် ပါဝင်ပါတယ်။ သူတို့နှစ်ယောက်ဟာ မက်ဒရစ်မြို့ရှိ Gucci စတိုးဆိုင်လေးတစ်ဆိုင်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဂျော်ဂျီနာဟာ အဲဒီစတိုးဆိုင်ရဲ့ လက်ထောက် အရောင်းစာရေးမလေးအဖြစ် လုပ်ကိုင်ခဲ့တာပါ။
''ကျွန်မဟာ အဲဒီကို ဘက်စ်ကားတိုးစီးပြီး ဘူဂတ်တီကားထဲကနေ ပြန်ဆင်းလာပါတယ်။ ပြီးတော့ ကျွန်မဟာ အဖိုးတန်ပစ္စည်းတွေ ရောင်းချရာကနေ အခုတော့ အနီရောင်ကော်ဇောပေါ်မှာ အဲဒီပစ္စည်းတွေကို ဝတ်ပြရသူဖြစ်လာပါတယ်။ ကျွန်မမှာ Followers သန်းချီရှိပြီး လူမှုမီဒီယာမှာ Followers အများဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်''လို့ဂျော်ဂျီနာက ပြောပါတယ်။ ဂျော်ဂျီနာမှာ ရော်နယ်ဒိုနဲ့ ရထားတဲ့ အသက် ၄နှစ်ခွဲအရွယ် သမီးလေး အလန်နာ ရှိပြီး အခုလည်း အမြွာကလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရပါတယ်။
ရော်နယ်ဒိုမှာ ဂျော်ဂျီနာနဲ့မဟုတ်တဲ့ ကလေး ၃ယောက်လည်းရှိသေးပြီး သူတို့အမေတွေကတော့ ဘယ်သူမှန်းမသိသေးပါဘူး။ သူတို့ကတော့ ၁၁ နှစ်အရွယ် ခရစ္စတီယာနိုဂျူနီယာနဲ့ အသက် ၄နှစ်အရွယ် မက်တီယိုနဲ့ အီဗာဆိုတဲ့ အမြွာကလေးနှစ်ယောက်ဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လွန်ခဲ့တဲ့ ၁၂နှစ်က အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂတ်စ်မြို့ရှိ ဟိုတယ်တစ်ခုမှာ သူ့ကို မတရားပြုကျင်ခဲ့တယ်လို့ ကက်သရင်းမာယော်ဂါက တရားစွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အမေရိကန်ရှိ တရားရုံးကနေ စာရွက်စာတမ်းတွေ ပေါက်ကြားမှုအတွက် ရော်နယ်ဒိုဆီကနေ ပေါင် ၅၆ သန်းရလိုကြောင်း မာယော်ဂါရဲ့ တရားစွဲမှုကိုလည်း ပယ်ချခဲ့ပါတယ်။
အဲဒီ documentary ထဲမှာ နောက်ထပ်မပါဝင်ခဲ့တဲ့ အငြင်းပွားဖွယ်ကိစ္စကတော့ ဂျော်ဂျီနာရဲ့ဦးလေး ဂျီးဆပ်စ်ဟာနန်ဒက်ဇ်အကြောင်းဖြစ်ပြီး ဦးလေးဖြစ်သူက အစ်ကိုဖြစ်တဲ့ ဂျော်ဂျီနာရဲ့ဖခင်ဖြစ်သူ ဂျော့ချ်ဟာနန်ဒက်ဇ် ကွယ်လွန်ချိန် မီးသင်္ဂြိုဟ်တဲ့အကြောင်း အသိမပေး၊ အကြောင်းမကြားခဲ့တဲ့အတွက် တူမဖြစ်သူကို ယုတ်မာသူအဖြစ် စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။ ဂျော်ဂျီနာရဲ့ဖခင်ဖြစ်သူ ဂျော့ချ်ဟာ ၂၀၁၉ ခုနှစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ''ခရစ္စတီယာနိုရဲ့ဖေ့စ်ဘွတ်ခ်အကောင့်ကနေ ကျွန်တော် သွားပြောလိုက်တယ်။ မင်းတော့ အယုတ်မာဆုံးအမျိုးသမီးနဲ့ တွဲနေမိပြီဆိုပြီးတော့ပေါ့။ တကယ်လို့ မင်းသိချင်ရင် ငါ့ဆီဆက်သွယ်လိုက်ပါ။ အကုန်ပြောပြမယ်ဆိုပြီး ရော်နယ်ဒိုကို သူ့အကောင့်ကနေ သွားပြောခဲ့ပါတယ်''လို့ ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။
documentary ထဲမှာ အဲဒီလိုအငြင်းပွားဖွယ်ကိစ္စတွေ မပါဝင်ဘဲ သူတို့နှစ်ယောက်ရဲ့ဘဝမှာ အသုံးအဖြုန်းကြီးမှုတွေအကြောင်းပဲ အဓိကထားပြောသွားပါတယ်။ အဲဒီ documentary ထဲမှာ ဂျော်ဂျီနာဟာ ဂျူဗင်တပ်စ်မှာ ရော်နယ်ဒို ၃ ရာသီကြာကစားခဲ့တုန်းက ဝယ်ယူခဲ့တဲ့ တူရင်မြို့ရှိ ဇိမ်ခံအိမ်အပြင် မက်ဒရစ်မြို့ရှိ နေအိမ်တွေအကြောင်းပါ ရိုက်ကူးထားပြီး သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့ ပေါင် ၅.၅သန်းတန် ဇိမ်ခံရွက်လှေကြီးလည်း ပါဝင်ပါတယ်။ ဂျော်ဂျီနာက ရော်နယ်ဒိုရဲ့ခမ်းနားထည်ဝါတဲ့ လူနေမှုဘဝမှာ အသားကျဖို့ အချိန်ယူခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပြီး အဲဒီထဲမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး (ထိုစဉ်က) ပေါင်သန်း ၈၀နဲ့ ယူနိုက်တက်ကနေ ရီးရဲလ်ကို ရော်နယ်ဒို ရောက်လာပြီးနောက် မက်ဒရစ်မြို့မှာ ဝယ်ယူခဲ့တဲ့ ပေါင် ၄.၈သန်းတန် စံအိမ်ကြီးလည်း ပါဝင်ပါတယ်။
အဲဒီစံအိမ်ကြီးမှာ အိမ်တွင်း အိမ်အပြင် ရေကူးကန်တွေ ပါဝင်သလို ခရစ္စတီယာနိုဂျူနီယာ လေ့ကျင့်ခန်းဆင်းဖို့အတွက် ဘောလုံးကွင်းလည်း ရှိပါတယ်။ ''ရော်နယ်ဒိုရဲ့အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖြစ်တော့ ရေသုံးဖို့ မီးဖိုချောင်ကိုတောင် ဘယ်လိုသွားရမလဲမသိခဲ့ဘူး။ ပြီးတော့ တစ်ခါတလေ ထမင်းစားခန်းထဲကနေ ဧည့်ခန်းကို ပြန်လာဖို့ အချိန် နာရီဝက်တောင် ကြာခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မမှ နေရာမသိတာလေ။ အိမ်ကြီးကလည်း အရမ်းကြီးတာပဲ။ ကျွန်မဟာ ငယ်ငယ်လေးကတည်းက တိုက်ခန်းကျဉ်းကျဉ်းလေးတွေမှာ နေလာခဲ့တာလေ။ ၆လလောက်ကြာတော့မှ အိမ်မှာ ဘယ်နေရာတွေ ဘယ်လိုရှိတယ်ဆိုတာ အားလုံးသိလာခဲ့တာပါ''လို့ ဂျော်ဂျီနာက ပြောပါတယ်။
သူတို့ဟာ ပေါင်သန်း ၄၀အထိတန်ဖိုးရှိတဲ့ အိမ်ခြံမြေတွေ ပိုင်ဆိုင်ထားပြီး အဲဒီထဲမှာ တူရင်မြို့က တောင်ကုန်းလေးနား တည်ဆောက်ထားတဲ့ စံအိမ်ကြီးလည်း ပါဝင်ကာ ရီးရဲလ်ကနေ ဂျူဗင်တပ်စ်ကို ပေါင်သန်း ၁၀၀ နဲ့ ရော်နယ်ဒို ရောက်လာပြီးနောက် အဲဒီအိမ်မှာ နေထိုင်ခဲ့ကြပါတယ်။ ''ကျွန်မကတော့ တူရင်မှာ နေရတာကို သိပ်ကြိုက်တာပဲ။ အားလုံးက သူစိမ်းမဆန်ဘဲ ရင်းရင်းနှီးနှီးဆက်ဆံကြတယ်။ နှင်းတွေလည်း ကျတယ်။ တကယ်လို့ လူမျိုးပေါင်းစုံနဲ့ ပိုပြီးတွေ့ချင်တယ်ဆိုရင် မီလန်ကို သွားလိုက်တာပဲ။ ပင်လယ်ကမ်းခြေသွားချင်ရင် မိုနာကိုသွားတယ်။ ကျွန်မကတော့ အိမ်ကနေ အလုပ်သွားတယ်။ ပြီးတော့ ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတယ်။ ကလေးတွေကလည်း ဘယ်နေရာပဲ ပြောင်းပြောင်း သဘောကျတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နှစ်ယောက်က ကလေးတွေကို ရောက်တဲ့နေရာမှာ အကောင်းဆုံးဆိုတဲ့ ကျောင်းတွေမှာ ထားတာကိုး''လို့ ဂျော်ဂျီနာက ပြောပါတယ်။
ဂျော်ဂျီနာဟာ သူတို့နှစ်ယောက်ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်လေယာဉ်ကြီး စီးပြီး ပဲရစ်ရှိ ဖက်ရှင်ရှိုးပွဲတွေကို သွားရောက်လည်ပတ်လေ့ရှိသလို မိုနာကိုမှာလည်း ပေ ၉၀ ရှည်တဲ့ ဇိမ်ခံရွက်လှေကြီးပေါ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေရယ်၊ အစ်မကြီး အိုင်ဗန်နာတို့နဲ့အတူ ပါတီပွဲတွေ ကျင်းပတတ်ပါတယ်။ အာဂျင်တီးနားမှာ မွေးဖွားပြီး စပိန်နိုင်ငံ၊ မာစီယာဒေသမှာ ကြီးပြင်းလာခဲ့တဲ့ ဂျော်ဂျီနာဟာ အခုဆိုရင် အားလုံးအားကျရတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။