
တန်ဟက်အနေနဲ့ ယူနိုက်တက်ကနေ ထုတ်ပယ်မခံရဖို့ အရေးပါတဲ့ ပွဲစဉ် ၃ ပွဲမှာ သက်သေပြဖို့လိုတယ်လို့ ပြောလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက်အနေနဲ့ အသင်းကနေ ထုတ်ပယ်မခံရဖို့ဆိုရင် အရေးပါတဲ့ ပွဲစဉ် ၃ ပွဲမှာ သက်သေပြဖို့လိုအပ်နေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်မှုကို အတည်ပြုပြီးနောက်မှာ ယူနိုက်တက်ဟာ အသင်းရဲ့ ဘောလုံးကိစ္စအားလုံးကို ပြောင်းလဲမှုတွေပြုလုပ်နေပြီး မကြာသေးမီက မန်စီးတီးမှ အိုမာဘရာဒါကို အသင်းရဲ့စီးအီးအိုအဖြစ်ခန့်အပ်ခဲ့သလို နယူးကာဆယ်ဘောလုံးဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ကိုလည်း ချဉ်းကပ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ယခုအခါမှာ နဗီးလ်က “တန်ဟက်အနေနဲ့ ယူနိုက်တက်မန်နေဂျာရာထူးနဲ့ ထိုက်တန်ကြောင်း သက်သေပြရမယ့် ၃ ပွဲရှိပါတယ်။ မန်စီးတီးနဲ့ ကစားမယ့် ၁ ပွဲနဲ့ လီဗာပူးနဲ့ ကစားမယ့် ၂ ပွဲပါ။ အဲဒီပွဲတွေပြီးရင် ပိုင်ရှင်က ပြောင်းလဲမှုတွေပြုလုပ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
နဗီးလ်ရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ သူ့ရဲ့အသင်းဖော်ဟောင်း ရွိုင်ကိန်းကလည်း “မန်နေဂျာအတွက် အချိန်သိပ်မကျန်တော့ပါဘူး။ တန်ဟက်က ပိုင်ရှင်သစ်တွေဆီကနေ ယုံကြည်မှုရဖို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်က အခုချိန်မှာ အကောင်းဆုံးဖြစ်နေရမှာပါ။ နည်းပြအပေါ်မှာ ဖိအားတွေများနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်မှာတော့ တန်ဟက်က “ကျွန်တော်ဒီမှာ နောက်ထပ် ၃ ရာသီလောက် စာချုပ်သက်တမ်းကျန်ပါသေးတယ်။ ဒါကြောင့် ဘယ်လိုမှတ်ချက်တွေကိုမှ ဂရုမစိုက်ပါဘူး။ လက်ရှိလုပ်ဆောင်ချက်တွေကို အာရုံစိုက်နေလို့ ဘာတွေဖြစ်နေလဲ ကျွန်တော် သိပ်ဂရုမစိုက်ပါဘူး။ ကျွန်တော် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ သူတို့ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိနေတယ်လို့လည်း ခံစားရပါတယ်။ ကျွန်တော် ဘာလုပ်နေလဲဆိုတာလည်း ကျွန်တော်သိပါတယ်။ တစ်ပွဲလောက်ရှုံးတာက မန်နေဂျာရဲ့ရာထူးအတွက် ဆွေးနွေးစရာတွေဖြစ်မယ်ဆိုရင် ၂ လလောက်ရှုံးပွဲမရှိခဲ့တာက ထောက်ပြစရာဖြစ်မယ်လို့ထင်ပါတယ်” “အခုချိန်မှာတော့ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာထက် အသင်းအတွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီလို ဆူညံသံတွေကြောင့်နဲ့ ကျွန်တော့်ရဲ့အလုပ်ကို အပျက်ခံမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။