အာမိုရင်ထုတ်ပယ်ခံရမှုအပေါ် အံ့အားသင့်မိကြောင်းပြောကြားလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တနင်္လာနေ့က အသင်းရဲ့နည်းပြ ရူဘင်အာမိုရင် ရုတ်တရက်ထုတ်ပယ်ခံလိုက်ရတဲ့အပေါ် အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ်သာရှိသေးတဲ့အာမိုရင်ဟာ သူ့ရဲ့လက်ထက်မှာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ နိုင်ပွဲရရှိအောင် ၃၁.၉ ရာခိုင်နှုန်းသာစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ပေါ်တူဂီသားဟာ လိဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြင်းထန်တဲ့ပြောကြားချက်တွေပြုလုပ်ခဲ့ပြီး မကြာမီမှာပဲ ယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာအာမိုရင်က "ကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုလာခဲ့တာ နည်းပြတစ်ယောက်အနေနဲ့သာမက မန်နေဂျာတစ်ယောက်အနေနဲ့ပါလာခဲ့တာဖြစ်တယ်" လို့အသင်းရဲ့နောက်ကွယ်ကပြဿနာတွေနဲ့ပတ်သက်ပြီး အရိပ်အမြွက်ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
ယခုအခါမှာ အာမိုရင်ထုတ်ပယ်ခံရမှုနဲ့ပတ်သက်ပြီး နဗီးလ်က "သူ့ရဲ့နည်းဗျူဟာတွေက အသင်းမှာအလုပ်မဖြစ်လို့ ထုတ်ပယ်ခံလိုက်ရတာ ရှင်းပါတယ်။ အစကတည်းက ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေက မအောင်မြင်ခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒါပေမယ့် ရာသီဝက်ကာလမှာ နည်းပြတစ်ယောက်ကိုထုတ်ပယ်လိုက်တဲ့အခါ သင့်တော်တဲ့အစားထိုးမှုကိုရှာဖွေနိုင်ဖို့က တကယ်ကို ခက်ခဲပါတယ်"
"အခုလို ရုတ်တရက်ကြီးထုတ်ပယ်ခံလိုက်ရတဲ့အတွက်တော့ ကျွန်တော်အံ့အားသင့်မိပါတယ်။ ဒီလိုဖြစ်လာနိုင်တယ်ဆိုတာ ကြိုသိနေပေမယ့် ဒီလောက်မြန်မြန်ဖြစ်သွားမယ်လို့ မထင်ခဲ့ပါဘူး။ နောက်ထပ် ရက်သတ္တပတ်အနည်းငယ်လောက်အထိတော့ ဆက်ရှိနေမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် အသင်းရဲ့အတွင်းပိုင်းမှာ အခြေအနေတွေက တကယ်ကိုတင်းမာလာခဲ့လို့ အခုလို အမြန်ဆုံးဖြတ်လိုက်ကြတာဖြစ်ပါလိမ့်မယ်"
"စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းတွေ ပြသနေတဲ့အခါ ရိုးရိုးသားသား ဝန်ခံဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက သူတို့ရဲ့ ကစားပုံအချို့ကို ကြည့်မယ်ဆိုရင် တကယ့်ကို တုန်လှုပ်စရာပါပဲ။ ဝုလ်ဗ်နဲ့ပွဲကတော့ အသေအချာကို အဆုံးအဖြတ် ဖြစ်သွားခဲ့တဲ့ ပွဲပါပဲ၊ အဲဒီပွဲက တကယ်ကို ဆိုးရွားခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။