မန်စီးတီးရင်ဆိုင်နေရတဲ့ စွဲချက်တွေရဲ့ ပြင်းထန်မှုအပေါ် လျှော့ပေါ့ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ငြင်းဆို
မန်စီးတီးအသင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေရဲ့ ပြင်းထန်ဆိုးရွားမှုအပေါ် သူကိုယ်တိုင် လျှော့ပေါ့ပြောဆိုပေးခဲ့တယ်ဆိုတဲ့ ထင်မြင်ချက်ကို ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်က ပယ်ချလိုက်ပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုအတွက် မန်စီးတီးမှာ အပြစ်ရှိတယ်ဆိုတဲ့ သတင်းအပေါ် ဘန်ဟမ်ရဲ့ကနဦးတုံ့ပြန်ပုံက ပရီမီးယားလိဂ်ကလပ်အသင်းတွေအကြား စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။
အခုတော့ မန်စီးတီးအမှုအတွက် စစ်ဆေးတွေ့ရှိချက်တွေကို အစွမ်းကုန် လေးလေးနက်နက် သဘောထားကိုင်တွယ်ရမယ်လို့ ဘန်ဟမ်က အခိုင်အမာပြောကြားလာပါတယ်။
အသက် ၅၆ နှစ်အရွယ်ဝန်ကြီးချုပ်က ဘောလုံးကလပ်အသင်းရဲ့အမှုနဲ့ အဘူဒါဘီကျောထောက်နောက်ခံပြု ပိုင်ရှင်တွေ ပြုလုပ်ထားတဲ့ ပိုမိုကျယ်ပြန်တဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွေကို သီးခြားစီ ခွဲခြားထားသင့်တယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။
"ဒီစစ်ဆေးတွေ့ရှိချက်တွေရဲ့ ပြင်းထန်မှုကို ကျွန်တော် လျှော့ပေါ့မပြောခဲ့ပါဘူး" လို့ ဘန်ဟမ်က ဘီဘီစီကို ပြောပါတယ်။ မန်စီးတီးရဲ့ အယူခံဝင်မှုမှာ "ဘောလုံးဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သီးခြား ခွဲခြားထားရပါမယ်" လို့လည်း သူက ဆိုပါတယ်။
ဝန်ကြီးချုပ်ရဲ့အစောပိုင်းမှတ်ချက်ပြုမှုနဲ့ ပတ်သက်လို့ ကလပ်အသင်းအများစုရဲ့တာဝန်ရှိသူတွေ စိုးရိမ်ပူပန်မှု ရှိလာခဲ့ပြီးနောက် အခုလိုရှင်းလင်းချက် ထွက်ပေါ်လာတာပါ။
ဘန်ဟမ်က မန်စီးတီးပိုင်ရှင်တွေ ကလပ်အသင်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် သူ "အမှန်တကယ်ပဲ စိုးရိမ်မိပါလိမ့်မယ်" လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒီနောက် သူက မန်ချက်စတာမြို့အပေါ် အဘူဒါဘီကျောထောက်နောက်ခံပြု အဖွဲ့အစည်းရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ အီတီဟတ်ကွင်းအပါအဝင် ပတ်ဝန်းကျင်ဒေသကို အသွင်ပြောင်းလဲစေခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ချီးကျူးခဲ့ပါတယ်။
ဒီလိုမှတ်ချက်တွေကြောင့် ကလပ်အသင်းအချို့ အံ့အားသင့်သွားခဲ့ပြီး အယူခံလုပ်ငန်းစဉ်အပေါ် နိုင်ငံရေးဖိအားတွေ လွှမ်းမိုးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ပေါ်ပေါက်လာခဲ့ပါတယ်။
မန်စီးတီးရဲ့အယူခံကို သီးခြားလွတ်လပ်တဲ့ အယူခံဘုတ်အဖွဲ့တစ်ခုက ကြားနာစစ်ဆေးသွားပါလိမ့်မယ်။
၂၀၂၄ ခုနှစ်အတွင်း ၄၂ ရက်ကြာ ကြားနာစစ်ဆေးပြီးနောက် ပရီးမီးယားလိဂ်ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုတွေအတွက် မန်စီးတီးမှာ အပြစ်ရှိတယ်ဆိုတဲ့ သီခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် ထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးဘက်ကတော့ အမှားအယွင်းတစုံတရာ ကျူးလွန်ထားခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဘန်ဟမ်က ဝန်ကြီးချုပ်မဖြစ်လာခင် မန်ချက်စတာမြို့တော်ဝန်အဖြစ် ကိုးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသတွင်းမှာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ရင်နှီးမြှုပ်နှံမှုကို ကာလရှည် အားပေးထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ သူက ဘောလုံးဆိုင်ရာလုပ်ငန်းစဉ်တွေကို ပုံမှန်လမ်းကြောင်းအတိုင်း အဆုံးအထိ လျှောက်လှမ်းခွင့်ပေးကြဖို့ လူထုကို တိုက်တွန်းဆော်ဩလာပါတယ်။
ဒေါင်းနင်းလမ်း(ဝန်ကြီးချုပ်ရုံး)ကလည်း စည်းမျဉ်းတွေရဲ့အထက်မှာ ဘယ်သူမှ မရှိသလို ဘယ်လိုအမှားအယွင်းမျိုးအတွက်မဆို သင့်လျော်တဲ့ အကျိုးဆက်တွေ ကျခံရလိမ့်မယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။