
ပိုစတီကိုဂလူရဲ့အုတ်မြစ်ကို ဆက်လက်တည်ဆောက်သွားမယ်လို့ဆိုလိုက်တဲ့ ဖရန့်ခ်
တော့တင်ဟမ်နည်းပြသစ် သောမတ်စ်ဖရန့်ခ်က သူဟာ နည်းပြဟောင်း အန်ဂျီပိုစတီကိုဂလူရဲ့ အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်ပြီး တော့တင်ဟမ်အတွက် အောင်မြင်မှုတွေ ရယူသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပိုစတီကိုဂလူဟာ တော့တင်ဟမ်အတွက် ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် ရာထူးကနေဖယ်ရှားခံခဲ့ရတာြဖစ်ပါတယ်။
ယခုအခါမှာတော့ ပိုစတီကိုဂလူရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ဖရန့်ခ်က "ဥရောပဖလားအောင်မြင်မှုအတွက် အသင်းအတွက်ရော၊ ပိုစတီကိုဂလူအတွက်ပါ အရမ်းဂုဏ်ယူမိပါတယ်။ ပိုစတီကိုဂလူကို တော့တင်ဟမ်ရဲ့ ဂန္ထဝင်နည်းပြတစ်ယောက်အဖြစ် အမြဲတမ်းသတိရနေကြမှာပါ"
"ကျွန်တော်တို့အားလုံးက အခြားသူတွေရဲ့ ပခုံးပေါ်မှာအမြဲတမ်းရပ်တည်နေကြတယ်ဆိုတာ နားလည်ဖို့လိုပြီး ကျွန်တော့်အနေနဲ့လည်း ပိုစတီကိုဂလူတည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်သွားပါမယ်။ ပြီးတော့ သူ့ရဲ့နည်းပြဝန်ထမ်းတွေကိုလည်း ကျွန်တော်အရမ်းသဘောကျပါတယ်"
"သူလုပ်ခဲ့တဲ့အလုပ်ကို ကျွန်တော်အကောင်းဆုံးဆက်လုပ်သွားပါမယ်။ ပရိသတ်တွေရဲ့ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနဲ့ ခံစားချက်တွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုအခိုက်အတန့်တွေကို နောက်ထပ်အများကြီးဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအသင်းနဲ့ကစားသမားတွေက ချန်ပီံယံတွေပါ။အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်လက်ပုံဖော်သွားနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တော့တင်ဟမ်မှာ အောင်မြင်နိုင်တဲ့ လူစာရင်းပိုင်ဆိုင်ထားကြောင်းကိုလည်း ဖရန့်ခ်က "ဒီအသင်းမှာ အရည်အသွေးပြည့်မီတဲ့ လူစာရင်းကိုပိုင်ဆိုင်ထားပါတယ်။ ကစားသမားကောင်းတွေအများကြီးရှိပြီး သူတို့နဲ့အတူ အလုပ်လုပ်ရမှာဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်"
"ပြီးခဲ့တဲ့နှစ်တွေမှာ တော့တင်ဟမ်ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး အောင်မြင်ဖို့အတွက် အလားအလာကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတာ သိခဲ့ရပါတယ်။ အရင်က ဒီကစားသမားတွေကို အပြင်ကနေပဲမြင်တွေ့ခဲ့ရပေမယ့် အခုတော့ လေ့ကျင့်ရေးကွင်းထဲမှာ အလုပ်တူတူတွဲလုပ်သွားရမှာပါ"
"ဒါကြောင့် ကစားသမားတွေအားလုံးနဲ့ နားလည်မှုတွေတည်ဆောက်ပြီး အကောင်းဆုံးပုံစံတွေရရှိအောင် နှိုက်ထုတ်သွားပါမယ်။ ကျွန်တော်တို့ ဘယ်လိုကစားနိုင်မယ်ဆိုတာကိုလည်း စိတ်ကူးထဲမှာ ပုံဖော်ကြည့်ပြီးပါပြီ။ သူတို့ကို ဘယ်လိုနေရာချရမယ်ဆိုတာ ကျွန်တော်ဆက်ပြီးတော့ စီစဉ်သွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။