The network connection is lost.

Banner Image

ယမန်နေ့ အသင်းလိုက်လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်တဲ့ လီဗာပူးကစားသမား လေးဦးအထိ ရှိနေ

ယမန်နေ့(ကြာသပတေးနေ့)ပြုလုပ်တဲ့ အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်ကို လီဗာပူးစီနီယာကစားသမားလေးဦး လွဲချော်မှုနဲ့အတူ နည်းပြယာဂန်ကလော့ပ်အတွက် ဒဏ်ရာပြဿနာစိုးရိမ်စရာအနည်းငယ်တော့ ရှိလာခဲ့ပါပြီ။

မာဆေးဆိုဒ်ကလပ်က အခုပရီးမီးယားလိဂ်ရာသီသစ်ကို ရှုံးပွဲမရှိပုံစံကောင်းဖြင့် အကောင်းဆုံး စတင်နေပြီး မနက်ဖြန်(စနေနေ့)မှာ ဝုဗ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးက ယမန်နေ့လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ထားတဲ့ အာနိုးလ်၊ နူနက်ဇ်၊ ကိုနာတေးနဲ့ သီယာဂိုတို့လို အဓိက ကစားသမားတွေ မပါဝင်ဘဲ ဒီပွဲစဉ်ကို ရင်ဆိုင်ကစားရဖွယ် ရှိနေပါတယ်။

အာနိုးလ်က ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်မတိုင်ခင် အက်စတွန်ဗီလာကို သုံးဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် ဥရုဂွေးလက်ရွေးစင်အသင်းနည်းပြဘီယဲလ်ဆာကလည်း တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်အတွင်း ကြွက်သားနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကြောင့် ရုန်းကန်နေရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပေါင်ခြံဒဏ်ရာရရှိနေတဲ့ ကိုနာတေးက ပြီးခဲ့တဲ့နိုင်ငံတကာသီတင်းပတ်မတိုင်ခင် လီဗာပူးရဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့သလို အခု Molineux ကွင်းမှာ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုလည်း လွဲချော်ဖွယ် ရှိနေပါတယ်။ အလားတူ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် ကွင်းလယ်လူသီယာဂိုဟာ ကြံ့ခိုင်မှုပြည့်ဝရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပေမယ့် ရာနှုန်းပြည့်မအောင်မြင်တာကြောင့် ဝုဗ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ရဖို့ ရှိနေပြန်ပါတယ်။

သြဂုတ်လကုန်ပိုင်း၊ လီဗာပူးက နယူးကာဆယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ဖြစ်ရပ်တွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က အန်ဖီးလ်ကလပ်ကပ္ပတိန်ဗန်ဒိုက်ကို ထပ်ဆောင်းပွဲပယ်နဲ့ ဒဏ်ကြေးပေါင်တစ်သိန်း ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ဒါကြောင့် နယ်သာလန်သားဟာ ဝုဗ်နဲ့ပွဲစဉ်ကို သေချာပေါက် လွဲချော်ပါလိမ့်မယ်။