The network connection is lost.

Banner Image

ကိုမိုမှာ ဆက်ရှိနေဖို့ မရွေးချယ်ခင် အခြားကလပ်အသင်းတွေနဲ့ စကားပြောခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဖာဘရီဂတ်စ်

ကိုမိုအသင်းမှာ ဆက်ရှိနေဖို့ မဆုံးဖြတ်ခင် အလားအလာရှိတဲ့နည်းပြရာထူးဆိုင်ရာအပြောင်းအရွှေ့အတွက် အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဖာဘရီဂတ်စ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဖာဘရီဂတ်စ်က ရီးရဲလ်မက်ဒရစ်ကိုတာဝန်ယူဖို့ထွက်ခွာသွားတဲ့ အလွန်ဆိုရဲ့နေရာမှာ ဆက်ခံမယ့်သူအဖြစ် လေဗာကူဆင်နည်းပြသစ်ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ကြီးကြီးမားမားရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် စပိန်လက်ရွေးစင်ကစားသမားဟောင်းက ဒီအခွင့်အလမ်းကို ပယ်ချခဲ့ပြီး အနည်းဆုံးနောက်တစ်ရာသီလောက် အီတာလျံကလပ်အသင်းမှာ ဆက်ရှိနေမယ့်နည်းလမ်းကို ရွေးချယ်သွားခဲ့ပါတယ်။

 ဖာဂရီဂတ်စ်ကိုယ်တိုင်လည်း အပြောင်းအလဲတွေအတွက် အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ခံလိုက်ပြီး ကိုမိုအသင်းရဲ့အငွေ့အသက်တွေကြောင့်သာ ဒီကလပ်အသင်းမှာဆက်ရှိနေဖို့ ရွေးချယ်ခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဖာဘရီဂတ်စ်က “ ကလပ်အသင်းနဲ့ ကျွန်တော် စကားပြောခဲ့ပြီး တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီကလပ်အသင်းမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ လူတိုင်းလည်း ဒီအတိုင်းပဲ ဆက်သွားချင်ပြီး သူတို့အားလုံး ကျွန်တော့်ရဲ့အတွေးအခေါ်တွေနဲ့ လိုက်လျောညီထွေဖြစ်မယ်လို့ပဲ နားလည်ထားချင်ပါတယ်။ ကျွန်တော်လည်း အခြားကလပ်အသင်းတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ လူတိုင်းကို လေးလေးစားစားနဲ့ပဲ ဆွေးနွေးတာပါ။

တရားဝင်ကြေညာချက်တစ်ခုတော့ ဖြစ်လာပါပြီ။ ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့တွေ အတူတကွရှေ့ဆက်သွားဖို့ပဲ လိုအပ်ပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဆယ်ကျော်သက်ဘဝမှ စီနီယာအသင်းဆီ ရောက်ရှိလာချိန် အာဆင်နယ်မှာ ရရှိခဲ့ဖူးတဲ့ မိသားစုဆန်ဆန်ပတ်ဝန်းကျင်မျိုးကို အီတာလျံကလပ်အသင်းမှာလည်း အသက်သွင်းသွားချင်တယ်လို့ ဖာဘရီဂတ်စ်က ရှင်းပြပါတယ်။ သူ့ရဲ့ကစားသမားတွေကို ကူညီပေးခြင်းအားဖြင့် ကစားသမားတွေကိုယ်တိုင်လည်း ပိုကောင်းလာလိမ့်မယ်လို့ ဖာဘရီဂတ်စ်က ယုံကြည်နေပါတယ်။ 

“ကျွန်တော်က အသက်-၁၆ နှစ်အရွယ်မှာပဲ အာဆင်နယ်ဆီ တစ်ဦးတည်းရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် မိသားစုတစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့အတွက် အဆင့်အတန်းတစ်ခုမှာရှိနေတဲ့ လေ့ကျင့်ရေးစင်တာတစ်ခု ဖြစ်တည်လာပါလိမ့်မယ်။ ကစားသမားတွေကို လူသားအချင်းချင်း သံယောဇဉ်ကြိုးတွေဖန်တီးနိုင်မယ့် အကောင်းဆုံးအခြေအနေမှာ ရှိနေစေချင်ပါတယ်။ ကစားသမားကောင်းဆိုတာထက် လူကောင်းတစ်ဦးကို အရင်ဆုံးလိုချင်မိပါတယ်။ ဒါကြောင့် ကျွန်တော်က သူတို့ကို မျက်စိနဲ့ကြည့်ပြီး အရာရာတိုင်းအတွက် အကဲဖြတ်သွားချင်ပါတယ်”လို့ ဖာဘရီဂတ်စ်က ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာပဲ စီးရီးအေဘောလုံးရာသီကုန်ဆုံးတော့မှာဖြစ်လို့ ဖာဘရီဂတ်စ်က ဘောလုံးရာသီသစ်အတွက် သူ့ရဲ့လူစာရင်းအကြောင်း စဉ်းစားနေပါပြီ။ သူက အသင်းလူစာရင်းကို ပိုမိုတောင့်တင်းကျစ်လစ်စေဖို့အတွက် တော့တင်ဟမ်ကစားသမားဟောင်းဒယ်လီအလီအပါအဝင် ကစားသမားအင်အားစုကို ပြန်လည်ဖွဲ့စည်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဖာဘရီဂတ်စ်က အလီကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာတောက်ပခဲ့တဲ့ အတိတ်သမိုင်းမျိုး ကစားသမားအတွက် ကူညီဖန်တီးပေးသွားဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။