
ခွဲစိတ်မှုခံယူပြီးနောက် ကူးစက်ရောဂါကြောင့် ဆေးရုံဆက်တက်ခဲ့ရတဲ့ ယူနိုက်တက်နည်းပြဟောင်း
ခြေကျင်းဝတ်ခွဲစိတ်မှုခံယူပြီးနောက် ကူးစက်ရောဂါကြောင့် ယူနိုက်တက်နည်းပြဟောင်း ရန်နစ်တစ်ယောက် ဆေးရုံဆက်တက်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိသြစတြီးယားအသင်းတာဝန်ယူထားတဲ့ ရန်နစ်ဟာ ပြီးခဲ့တဲ့လတွေက ခြေကျင်းဝတ်ခွဲစိတ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာန Bild ကတော့ အသက် ၆၇ နှစ်သားဟာ ကူးစက်ရောဂါကြောင့် ဆေးရုံမှာကာလရှည်နေရမယ့်အရေးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ရန်နစ်တစ်ယောက် ဆေးရုံမှာဆက်ရှိနေတာကြောင့် လာမယ့်အပတ်လူစာရင်းကြေညာမှုကိုပါ နောက်ဆုတ်ထားရတယ်လို့ သိရပါတယ်။ သူ့နေရာကို လက်ထောက်နည်းပြ ကော်နက်ကာက ဆက်လက်တာဝန်ယူထားမယ်လို့ သိရပါတယ်။ ဂျာမန်သားဟာ ဇွန်လတုန်းကလည်း ခြေကျင်းဝတ်ခွဲစိတ်မှုခံယူခဲ့ရသေးတာဖြစ်ပြီး အခုလည်းထပ်မံခွဲစိတ်မှုခံယူခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်းဟာ လုပ်ငန်းစဉ်တွေပြီးကတည်းက ပြန်လည်သက်သာလာခဲ့ပြီး ပြီးခဲ့တဲ့လတုန်းက ဘော့စနီးယားနဲ့ပွဲကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ရန်နစ်ဟာ ၂၀၂၁ နိုဝင်ဘာတုန်းက ဆိုးလ်ရှားနေရာမှာ ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်က သူ့နေရာမှာ တန်ဟက်နဲ့ အစားထိုးခဲ့ပါတယ်။ ရန်နစ်ဟာ ယူနိုက်တက်အတွက် ၂၉ ပွဲကိုင်တွယ်ခဲ့ပြီး အဆင့် ၆ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အသင်းအခြေအနေနဲ့ပတ်သက်ပြီး ရန်နစ်က အောင်မြင်မှုတွေပြန်လည်ရယူချင်တယ်ဆိုရင် နှလုံးခွဲစိတ်မှုပြုလုပ်သလို ပြုလုပ်ရမယ်လို့ ဥပမာပေးပြောကြားခဲ့ပါတယ်။ “ပြဿနာတွေက ဘယ်နေရာမှာလဲဆိုတာကို ခင်ဗျားမြင်နိုင်ဖို့ မျက်မှန်တောင်လိုမယ်မထင်ပါဘူး။ အခုက ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကြည့်ရမှာပါ။ အသေးစားခွဲစိတ်မှုမျိုးနဲ့ မရပါဘူး။ ဆေးပညာအရပြောရရင် ဒီလိုအရာမျိုးက နှလုံးခွဲစိတ်မှုနဲ့ဆင်တူပါတယ်။
တကယ်လို့ ဒီလိုဖြစ်လာတယ် ၊ လူတိုင်းနားလည်တယ်ဆိုရင် သေချာလေးအတူတူလုပ်ဆောင်ရပါမယ်။ ဒီအရာကိုလုပ်ဆောင်ဖို့ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက်လိုတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒါက ၁ နှစ်အတွင်းဖြစ်နိုင်ပါတယ်”လို့ ရန်နစ်က ၂၀၂၂ တုန်းက ဖြေကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရန်နစ်အပြီးကတည်းက အပြောင်းအလဲတွေများခဲ့သလို အာမိုရင်က အသင်းကို ဆက်လက်တာဝန်ယူနေပါတယ်။