The network connection is lost.

Banner Image

မိသားစုကိစ္စကြောင့် ဗြိတိန်နိုင်ငံဆီ ချက်ချင်းထွက်ခွာသွားတဲ့ ဖိုဒန်

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဖိုဒန်က ယူရို-၂၀၂၄ ပြိုင်ပွဲဝင်ကစားသမားဘဝမှ ယာယီအားဖြင့် နုတ်ထွက်ကာ ဗြိတိန်နိုင်ငံဆီ ပြန်လည်ရောက်ရှိလာတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)မှ ဗုဒ္ဓဟူးနေ့မှာ တရားဝင်ကြေညာလိုက်ပြီး ကစားသမားနဲ့ နီးစပ်သူတွေရဲ့အဆိုအရ ဖိုဒန်ရဲ့တတိယမြောက် ရင်သွေးမွေးဖွားလာမှုကြောင့် အခုလိုထွက်ခွာသွားတာဖြစ်တယ်လို့ သိရပါတယ်။

အစောပိုင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် အသင်းမှထွက်ခွာသွားတယ်လို့ ပြောခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ် ဖိုဒန်က ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အုပ်စုတွင်းပွဲစဉ်သုံးခုလုံးမှာ ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ ဖိုဒန်ဟာ လာမယ့်တနင်္ဂနွေနေ့၊ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မတိုင်ခင် ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းလူစာရင်းမှာ ပြန်ပါဝင်လာလိမ့်မယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းက ပြီးခဲ့တဲ့အင်္ဂါနေ့၊ ကိုလုံးမြို့မှာ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေကျပြီးနောက် အုပ်စု (C) ရဲ့ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအုပ်စုတွင်းပွဲစဉ်သုံးခုလုံးမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆောက်ဂိတ်နဲ့ သူ့ရဲ့အသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာလည်း ဖိုဒန်၊ ဟယ်ရီကိန်း၊ ဘယ်လင်ဟမ်၊ ဆာကာတို့လို ဥရောပထိပ်တန်းကစားသမားတွေကို တွဲဖက်ထားပေမယ့် သွင်းဂိုးနှစ်ဂိုးသာရရှိခဲ့လို့ ပရိသတ်တွေရဲ့ အဓိကစောင့်ကြည့်ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းက ဆလိုဗက်ကီးယားနဲ့ ရှုံးထွက်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။