
ယူနိုက်တက်ကို ဘာလို့ပြောင်းရွှေ့ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဆက်စ်ကို
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ခဲ့ခြင်းမှာ အသင်းနဲ့အတူ အမြင့်ဆုံးနေရာသို့ ပြန်လည်ပျံသန်းဖို့ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်တိုက်စစ်မှူးကို ယူနိုက်တက်ဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းအထိ ကုန်ကျခဲ့ပါတယ်။ ဆက်စ်ကိုဟာ ယူနိုက်တက်မှာ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်းကို ဘောလုံးသမိုင်းမှာ တစ်ဖန်ပြန်လည်ဦးမော့လာစေဖို့ အကူအညီပေးလိုကြောင်း ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပတ်သက်ပြီး သူ့ရဲ့ရည်မှန်းချက်ကိုမေးမြန်းခဲ့ရာ ဆက်စ်ကိုက "ယေဘုယျအားဖြင့်တော့ အသင်းနဲ့အတူတူ ပိုကောင်းလာဖို့ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုတွေပိုကောင်းလာဖို့ ရည်ရွယ်ထားပါတယ်။ ခြေလှမ်းတစ်လှမ်းချင်းစီလှမ်းပြီး အသင်းကို ပိုပိုကောင်းလာဖို့ ကူညီပေးသွားချင်ပါတယ်။ အချိန်တန်ရင်တော့ အရင်တုန်းကအတိုင်း ယူနိုက်တက်နဲ့အတူ အမြင့်ဆုံးနေရာတွေမှာ ပျံသန်းနိုင်ဖို့ ရည်မှန်းထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆလိုဗေးနီးယားလက်ရွေးစင်က "ဒီအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ နောက်ထပ်အချက်တစ်ချက်ဆိုရင်တော့ ယူနိုက်တက်က သမိုင်းဝင် အသင်းတစ်သင်းပါ။ မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအသင်းရဲ့စွမ်းအင်တွေက ကျွန်တော်တို့လိုကစားသမားတွေကို ဖိတ်ခေါ်နေသလို ခံစားရပါတယ်။ လက်ရှိအသင်းရဲ့ပရောဂျက်ကလည်း အရမ်းကောင်းပါတယ်။ ကစားရဖို့ မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်စ်ကိုအနေနဲ့ အသက်ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ အသင်းရဲ့ဖိအားတွေအကြား အသားကျဖို့ ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ဟာ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ရဲ့ စွမ်းဆောင်ရည်နိမ့်ကျမှုတွေကြောင့် တိုက်စစ်ပိုင်းမှာ သွင်းဂိုးရရှိဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ လာမယ့်ရာသီမှာတော့ ဆက်စ်ကိုဦးဆောင်တဲ့တိုက်စစ်က အသင်းရဲ့ရုန်းကန်ရမှုအတွက် အဖြေရှားပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လာမယ့်ဩဂုတ်လ ၁၇ ရက်နေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အစဉ်အလာပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဆက်စ်ကိုအနေနဲ့ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ကို စတင်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။