The network connection is lost.

Banner Image

အခွင့်အရေးတွေကို အမိအရအသုံးချဖို့ ဘာစီလိုနာအသင်းဆီ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာအသင်းအနေဖြင့် အခုရာသီ၊ အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှ သင်ခန်းစာများကို ရယူသွားဖို့လိုအပ်ပြီး ကိုပါဒယ်လ်ရေးဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် နောက်တစ်ကြိမ်ထိပ်တိုက်တွေ့ဆုံမှုမှာလည်း ပြိုင်ဘက်ဂိုးပေါက်ရှေ့အခွင့်အရေးတွေကို ပိုပြီးလက်တွေ့ကျကျအသုံးချသွားရန် လိုအပ်တယ်လို့ နည်းပြဟန်စီဖလစ်ခ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်က ဒီဇင်ဘာလအတွင်း ဘာစီလိုနာကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ နောက်ဆုံး ၁၈ နှစ်အတွင်း ဘာစီလိုနာကို ပထမဆုံးအကြိမ် အဝေးကွင်းမှာအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်မှာ အိမ်ရှင်တွေက ပွဲကို စိုးမိုးကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီည၊ အိမ်ကွင်းပွဲစဉ်မတိုင်ခင် ဟန်စီဖလစ်ခ်က “ ဒါက ပွဲစဉ်အသစ်တစ်ခုဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြသွားရပါမယ်။ အက်သလက်တီကိုမက်ဒရစ်က ငွေကြေးအမြောက်အများရင်းနှီးမြှုပ်နှံထားတဲ့ အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ သူတို့အသင်းမှာ တိုက်စစ်မှူးကောင်းတွေရော၊ ခံစစ်မှူးကောင်းတွေပါ ရှိပါတယ်။ သေချာပေါက်ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒီဇင်ဘာရှုံးပွဲမှ ကျွန်တော်တို့သင်ယူနိုင်မယ့် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စက ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ဘောလုံးကစားဟန်ကို ကစားနိုင်တယ်ဆိုတာပါပဲ။ အဲ့ဒီပွဲစဉ်မှာ ကျွန်တော်တို့ပြသခဲ့တဲ့ အဆင့်အတန်းက အရမ်းမြင့်မားလွန်းပါတယ်။ သူတို့တွေ ဂိုးပြန်မသွင်းခင် ကျွန်တော်တို့အသင်းကတောင် နောက်ထပ်တစ်ဂိုး၊ နှစ်ဂိုးလောက် သွင်းယူနိုင်မယ့်အလားအလာတွေ ရှိခဲ့ပါတယ်။

ကျွန်တော်တို့တွေ ဂိုးသွင်းခွင့်တွေကို အမိအရအသုံးချသွားဖို့ လိုအပ်ပါတယ်။ အရေးအကြီးဆုံးအရာက ဂိုးသွင်းယူနိုင်ဖို့ပါပဲ။ နောက်ပြီး ကျွန်တော်တု့ိစိတ်ထဲမှာသိထားဖို့လိုအပ်တဲ့ကိစ္စက နှစ်ကျော့ယှဉ်ပြိုင်ကစားရမယ့်ပြိုင်ပွဲဖြစ်တယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ လက်စ်ပါးမားကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ယာမယ်လ်က တနင်္လာနေ့၊ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ ဟန်စီဖလစ်ခ်ကတော့ အေတီကိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ယာမယ်လ်ပါဝင်ကစားနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။

ဟန်စီဖလစ်ခ်က “ ယာမယ်လ်ကစားပေးနိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါလိမ့်မယ်။ ဆရာဝန်ပြောပြတဲ့အရာမှ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေကို ကျွန်တော်မြင်တွေ့ထားပါတယ်။ ပြီးတော့ သူ့ကို ကျွန်တော်တို့နဲ့အတူ ရှိနေစေချင်တယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဂျာမန်သားနည်းပြက ခြေသလုံးဒဏ်ရာမှ ပြန်သက်သာလာတဲ့ ကွင်းလယ်လူဒါနီအိုလ်မိုအနေဖြင့် အေတီကိုနဲ့ပွဲစဉ်ကို မိနစ် ၉၀ ပြည့် ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အိုလ်မိုက လိုက်ပ်ဇစ်မှ ရောက်ရှိလာပြီးနောက်ပိုင်း ဘာစီလိုနာအတွက် ၂၂ ပွဲကစား၊ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ သူက လက်စ်ပါးမားကို အနိုင်ယူတဲ့ပွဲစဉ်မှာလည်း အရန်ခုံတန်းမှတဆင့် ပါဝင်ကစားကာ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာက ဒါနီအိုလ်မိုကို ပွဲထွက်ခွင့်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို စောင့်ရှောက်ပေးဖို့လိုအပ်ပြီး ဒါကိုပဲ ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်။ လက်စ်ပါးမားနဲ့ပွဲစဉ်မှာ သူသွင်းယူပေးခဲ့တဲ့ဂိုးက အလွန်အရေးပါ,ပါတယ်”လို့ ပြောပါတယ်။