မိုင်နူးနဲ့ ဂါနာချိုတို့ကို ချီးကျူးစကားဆိုလာတဲ့ ဖာဂူဆန်
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က အသင်းရဲ့ အကယ်ဒမီထုတ်ကုန်တွေဖြစ်တဲ့ ကိုဘီမိုင်နူးနဲ့ အလီဂျန်ဒရိုဂါနာချိုတို့ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး အဆိုပါ ကစားသမား ၂ ဦးဟာ အသင်းရဲ့ အဓိကစိတ်ဓာတ်ကို ပုံဖော်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောကြားလာခဲ့ပါတယ်။
ဖာဂူဆန်ဟာ ဂေါက်ရိုက်ပွဲတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက်-၁၉ နှစ်အရွယ်မိုင်နူးနဲ့ အသက်-၂၀ နှစ်အရွယ် ဂါနာချိုတို့ရဲ့ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၃ ရာသီမှာ ယူနိုက်တက်စီနီယာအသင်းအတွက် စတင်ပါဝင်ခွင့်ရခဲ့တဲ့ ဂါနာချိုဟာ ပြီးခဲ့တဲ့ ရာသီကအသင်းအတွက် စုစုပေါင်း ပွဲ ၅၀ ကစားပြီး ၁၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ပံကစားသမားဟာ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားလူစာရင်းမှာလည်း ပါဝင်ခဲ့ပြီး ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ မိုင်နူးကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကွင်းလယ်လူဖြစ်ခဲ့ပါတယ်။
မိုင်နူးနဲ့ ဂါနာချိုတို့ဟာ ၂၀၂၂ လူငယ် အက်ဖ်အေဖလားပြိုင်ပွဲမှာ ချန်ပီယံတွေအဖြစ် ဆုဖလားကို အတူတူဆွတ်ခူးခဲ့ကြတယ်လို့ သိရပါတယ်။ ဖာဂူဆန်က "သူတို့က အသင်းရဲ့ အခြေခံအုတ်မြစ်တွေပဲမဟုတ်လား။ သူတို့က မန်ချက်စတာ ယူနိုက်တက်ရဲ့ နှလုံးသားနဲ့စိတ်ဝိဉာဉ်တွေပါပဲ။ သူတို့က ငယ်ပါသေးတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ တည်ငြိမ်မှုနဲ့ ယုံကြည်မှုကတော့ ဒီအသင်းအတွက် ကစားပေးဖို့ သေချာပေါက်သင့်တော်တဲ့အခြေအနေမှာရှိပါတယ်။ သူတို့မှာ သတ္တိရှိကြောင်း ပြသခဲ့ပြီးပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၁၉၃၈ ခုနှစ်မှာ ပြည်တွင်းကစားသမားတွေချည်းပါဝင်တဲ့ လူငယ်အသင်းကိုစတင်တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမယ့် ယူနိုက်တက်ဟာ အသင်းရဲ့အကယ်ဒမီကစားသမားကို ပွဲစဉ်တိုင်းမှာ ထည့်သွင်းတဲ့ဓလေ့ကိုတော့ နှစ်ပေါင်း ၈၀ ကျော်ကြာကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့တဲ့ နောက်ဆုံး လူငယ်ကစားသမားကတော့ အီသန်ဝှစ်တလေဖြစ်ပြီး အီသန်ဟာ ယူနိုက်တက်ရဲ့ အယောက် ၂၅၀ မြောက် အကယ်ဒမီထွက် ကစားသမားဖြစ်ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်ဟာ မိုင်နူးနဲ့ ဂါနာချိုတို့လို့ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေသာမက အသစ်ခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဟွိုက်လန်း၊ ယိုရို၊ ဇာကီတို့နဲ့အတူ နောက်ရာသီမှာ ဘယ်လောက်အထိ ကြမ်းမလဲဆိုတာ ပရိသတ်တွေအနေနဲ့ စိတ်ဝင်တစားစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။