The network connection is lost.

Banner Image

ဆီဗီလာကိုထူးဆန်းစွာအနိုင်ရခဲ့ကြောင်းနဲ့ ကလပ်ကမ္ဘာ့ဖလားကို အာရုံစိုက်သွားမယ့်အကြောင်း ပြောကြားလာတဲ့ ဗယ်လ်ဗာဒီ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဖက်ဒရီကိုဗယ်လ်ဗာဒီက တနင်္လာနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆီဗီလာကို အနိုင်ရခဲ့ခြင်းက ထူးဆန်းကြောင်းနဲ့ ဇွန်လမှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံစိုက်သွားတော့မှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ဆီဗီလာကို အဝေးကွင်းမှာသွားရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ၀-၂ ဆိုတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကို ရရှိခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးတွေကို ခီလီယန်အမ်ဘာပေနဲ့ ဂျူဒ်ဘယ်လင်ဟမ်တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အဝေးကွင်းမှာ Clean Sheet ရယူနိုင်ခဲ့ပါတယ်။ 

ယခုပွဲစဉ်ကို ဆီဗီလာရဲ့အိမ်ကွင်း ရေမွန်ဆန်းချက်ဇ်ပစ်ဇ်ဂျူအန်မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဗယ်လ်ဗာဒီက အဆိုပါကွင်းရဲ့ အငွေ့အသက်ဟာ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေတယ်လို့ဆိုပါတယ်။ ယခုနှစ်ရာသီ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲစုံမှာ ကျရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးဆုဖလား မျှော်လင့်ချက်အနေနဲ့ ကလပ်ကမ္ဘာ့ဖလားသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဗယ်လ်ဗာဒီက အဆိုပါပြိုင်ပွဲမှာတော့ ကလပ်နည်းပြသစ် ဇာဘီအလွန်ဆိုနဲ့အတူ အောင်မြင်မှုရယူဖို့ အာရုံစိုက်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ဥရုဂွေးလက်ရွေးစင်က "ဆီဗီလာနဲ့ပွဲက ပွဲကောင်းတစ်ပွဲပါ။ တစ်သင်းလုံးရဲ့ကြိုးစားအားထုတ်မှုနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီကွင်းရဲ့အငွေ့အသက် ထူးဆန်းနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ စွန့်စားမှုတွေသိပ်မယူခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ဂျာစီကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အလုပ်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နည်းပြသစ် ဇာဘီအလွန်ဆိုရဲ့ဦးဆောင်မှုနဲ့ ယှဉ်ပြိုင်သွားရဖွယ်ရှိပြီး ဗယ်လ်ဗာဒီက "ကျွန်တော်တို့အမြဲတမ်း စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြိုင်ပွဲတိုင်းကိုယှဉ်ပြိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုကိုယ်စားပြုရတာ ဂုဏ်ယူစရာပါ။ ဒီကလပ်မှာ တောင်းဆိုမှုတွေ အရမ်းများပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီဆုဖလားရရင် ပျော်ရွှင်ကြမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်မေလ ၂၄ ရက်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄-၂၅ လာလီဂါရာသီပိတ်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ ကစားသွားရမှာဖြစ်ပြီး ဇွန်လမှာတော့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သွားရပါမယ်။