The network connection is lost.

Banner Image

ဖာနန်ဒက်စ်သာ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ပါက ဒီဘရိုင်း ကဲ့သို့ ထိရောက်မှုရှိမယ်လို့ ပြောကြားလိုက်တဲ့ ယူနိုက်တက်နည်းပြဟောင်း

ယူနိုက်တက်နည်းပြဟောင်း ရွန်အက်ကင်ဆန်က ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် အား ကာကွယ်ပြောဆိုလိုက်ပြီး ၎င်းအား မတရား ဝေဖန်ခံနေရခြင်းဖြစ်ကာ အကယ်၍ ယူနိုက်တက်သို့ မဟုတ်ဘဲ မန်စီးတီး သို့ ပြောင်းရွှေ့ခဲ့ပါက ကီဗင် ဒီဘရိုင်း ကဲ့သို့ပင် ထိရောက်မှုရှိမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။ အက်ကင်ဆန်က အိုးထရက်ဖို့ဒ်တွင် ကစားသမားများထံမှ ၎င်းမျှော်မှန်းထားသော အဆင့်အတန်းအရ ဖာနန်ဒက်စ်ရဲ့ အသင်းဖော်များကို ဝေဖန်လေ့ရှိတဲ့ အလေ့အကျင့်ကိုလည်း ထောက်ခံခဲ့ပါတယ်။

အက်ကင်ဆန်က ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ စိတ်နေစိတ်ထားနှင့် ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် ၎င်းအား ထောက်ခံပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းက ဖာနန်ဒက်စ်ရဲ့ အခန်းကဏ္ဍဟာ ဘောလုံးဖြတ်တောက်ရန် မဟုတ်ဘဲ ဖန်တီးရန်ဖြစ်ပြီး ပိုမိုကောင်းမွန်သော အသင်းမှာဆိုရင် မည်မျှအထိ ထိရောက်မှုရှိမည်ကို ထောက်ပြခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ရဲ့ ခြေစွမ်းမပြတဲ့ အသင်းဖော်များအပေါ် စိတ်ပျက်ဒေါသထွက်မှုများကိုလည်း သူက ကာကွယ်ပြောဆိုခဲ့ပါတယ်။

The Telegraph သို့ အက်ကင်ဆန်က "ကျွန်တော် ဘရူနို ဖာနန်ဒက်စ်ကို ချစ်တယ်။ သူက တော်တော်ကောင်းတဲ့ ကစားသမားပဲ။ လူတွေက သူ့ကို တော်တော်လေး မကျေမနပ် ဖြစ်ကြတယ်၊ သူ ဘောလုံးမဖြတ်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ သူက ဘောလုံးဖြတ်ဖို့ မရှိတာ။ ပြီးတော့ ကျွန်တော် ပြောပြမယ်၊ သူသာ မန်စီးတီးအသင်းမှာ ပါခဲ့မယ်ဆိုရင် ဒီဘရိုင်းလိုပဲ ထိရောက်မှုရှိမှာပဲ။ ဟုတ်တယ်၊ လူတွေက သူ့အသင်းဖော်တွေကို သူညည်းညူတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော် သူ့ကို အပြစ်မတင်ပါဘူး။ သူနဲ့အတူ ကစားရတဲ့ တချို့ကစားသမားတွေကြောင့်ပါ" လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီတွင် အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ အချိန်မှစ၍ ယူနိုက်တက်အတွက် ၂၉၀ ပွဲ ကစားခဲ့ပြီးဖြစ်ပါတယ်။ ယခုအထိ ဖာနန်ဒက်စ်ဟာ သရဲနီတွေအတွက် ၉၈ ဂိုး သွင်းယူထားပြီး ၈၆ ဂိုး ဖန်တီးပေးထားပါတယ်။ ပရီးမီးယားလိဂ်တွင် အသက် ၃၀ နှစ်အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ် ပြောင်းရွှေ့မှုမှစ၍ အင်္ဂလန်တွင် ပဉ္စမမြောက် ဂိုးဖန်တီးမှု အများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဟာ ခြေစွမ်းမပြနိုင်တဲ့ ယူနိုက်တက်အသင်းမှ ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ သို့သော် ဖာနန်ဒက်စ်က ယူနိုက်တက်ကို မှန်ကန်တဲ့ လမ်းကြောင်းသို့ ပြန်လည်ပို့ဆောင်ရန် ရည်ရွယ်ထားတာကြောင့် ယခုနွေရာသီတွင် မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။