
လက်ရှိလူစာရင်းကိုကျေနပ်အားရမှုရှိကြောင်းနဲ့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယခုနွေရာသီအတွင်း တိုက်စစ်ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကိုခေါ်ယူပြီးနောက် လက်ရှိအသင်းရဲ့လူစာရင်းကို ကျေနပ်အားရမှုရှိကြောင်းနဲ့ ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ကစားသမား ၂ ဦးအတွက် ပေါင် ၁၃၅ သန်းကျော်အထိအသုံးပြုထားရတာကြောင့် လက်ကျန်အပြောင်းအရွှေ့ကာလတွေမှာ ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေခေါ်ယူဖို့ ဂရုစိုက်သွားရမယ်လို့လည်း အာမိုရင်ကဆိုပါတယ်။
ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့ ကစားသမားသစ်တွေခေါ်တဲ့အခါမှာ သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အခုလူစာရင်းနဲ့ ရာသီသစ်မှာယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော် အခုအခြေအနေကို ကျေနပ်အားရပါတယ်။ ရာသီစတင်ချိန်မှာ တော့စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လက်ရှိအသင်းရဲ့အနေအထားက အပြုသဘောဆောင်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အတော်လေးအခြေအနေဆိုးခဲ့တာကြောင့် အာမိုရင်အနေနဲ့ လာမယ့်ရာသီမှာတော့ ပုံစံကောင်းပြသနိုင်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ၁-၀ နဲ့ကပ်ရှုံးခဲ့သလို၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် အာမိုရင်တစ်ယောက် အတော်လေးဖိအားများနေတာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ အာမိုရင်အနေနဲ့ သူအလိုရှိတဲ့ကစားသမားတွေလည်းခေါ်ယူထားပြီးဖြစ်တာကြောင့် ပြောင်းလဲမှုတစ်ခုခုကိုတော့ ပြသနိုင်ဖို့ မျှော်လင့်ထားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ရာသီကြို ပြင်ဆင်မှုတွေပြုလုပ်နေပြီး အမေရိကန်သို့ ခြေစမ်းခရီးစဉ်ထွက်ခွာနေပါတယ်။
ပေါ်တူဂီသားအနေနဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်၊ ဘုန်းမောက်တို့နဲ့ယှဉ်ပြိုင်သွားရမယ့် ခြေစမ်းပွဲစဉ်တွေမှာ အသင်းဟာ နောက်ရာသီအတွက် အဆင်သင့်ဖြစ်နေကြောင်း သက်သေပြသသွားနိုင်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။