The network connection is lost.

Banner Image

မိုဆာလက်ဆိုရင်တောင် တော့တင်ဟမ်မှာ ရုန်းကန်ရလိမ့်မယ်လို့ ပြောခဲ့တဲ့ ပိုစတီကိုဂလူ

လတ်တလောပုံစံကောင်းပြသနေတဲ့ လီဗာပူးတိုက်စစ်မှူးမိုဆာလက်ပင်လျှင် လက်ရှိတော့တင်ဟမ်အသင်း ရောက်ရှိနေတဲ့ အခိုက်အတန့်မျိုးမှာ ရုန်းကန်ရတဲ့ဘဝတစ်ခုကို ရှာဖွေတွေ့ရှိသွားလိမ့်မယ်လို့ ပိုစတီကိုဂလူက ပြောပါတယ်။ ရလဒ်တွေ ဆက်တိုက်ဆိုသလိုဆိုးဝါးနေတဲ့ တော့တင်ဟမ်က ဒီညမှာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ကြိုးကြာနီတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

တော့တင်ဟမ်က နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်လေးခုမှာ လီဗာပူးကို ၆-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင် သုံးပွဲရှုံး၊ တစ်ပွဲသရေဆိုတဲ့ ရလဒ်ပိုင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်မိုဆာလက်ကတော့ အခုရာသီ၊ ပြိုင်ပွဲစုံ ၂၇ ပွဲကစား၊ ၂၁ ဂိုးအထိ သွင်းယူကာ ဆွဲဆောင်မှုရှိတဲ့ ဘောလုံးရာသီကို ဖန်တီးထားပါတယ်။

ဒါပေမယ့် ဖိအားတွေအောက်ရောက်နေတဲ့ ပိုစတီကိုဂလူက မိုဆာလက်လို မယုံကြည်နိုင်စရာကစားသမားမျိုး ရှိနေရင်တောင် သူတို့အသင်းကံကြမ္မာပိုင်း တိုးတက်လာစေဖို့ အနည်းငယ်ပဲလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တော့တင်ဟမ်နည်းပြက “ မိုဆာလက်က ကမ္ဘာ့အဆင့်ဘောလုံးသမားတစ်ဦးပါ။ ဒါပေမယ့် သူ့ကို အခုအချိန် ကျွန်တော်တို့အသင်းဆီ ပို့လိုက်မယ်ဆိုရင် ကျွန်တော်တို့အသင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် မိုဆာလက်အနေနဲ့ အခုလိုမျိုးစွမ်းဆောင်နိုင်ဦးမလားဆိုတာ မသေချာပါဘူး။

သူ့ရဲ့တိုက်စစ်ကစားပုံကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ? အသင်းတစ်ခုမှာ ပုံစံကောင်းရှိရမယ်၊ အခွင့်အရေးတွေ ဖန်တီးနိုင်ရမယ်၊ တိုက်စစ်စတင်နိုင်ရမယ်၊ တကယ့်ကိုစုစည်းမှုရှိတဲ့ ခံစစ်အခြေခံအုတ်မြစ်တစ်ခု ရှိထားရပါမယ်။ ဒါတွေ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ အသင်းမှာ ဒီအချက်တွေ တစ်ခုမှ မရှိသေးပါဘူး”လို့ ဆိုပါတယ်။

အန်းစလော့ရဲ့အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် တော့တင်ဟမ်က အနည်းဆုံး ၂၀၂၆ ခုနှစ်၊ နွေရာသီကာလအထိ အသင်းခေါင်းဆောင်ဆွန်ဟောင်မင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လက်ရှိစာချုပ်ပါ ရွေးချယ်ခွင့်ကို အသက်သွင်းခဲ့ပါတယ်။ ဆွန်ဟောင်မင်က အခုရာသီ၊ သွင်းဂိုးခုနစ်ဂိုးအပါအဝင် တော့တင်ဟမ်အတွက် ၄၃၁ ပွဲကစား၊ ၁၆၉ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ပိုစတီကိုဂလူကတော့ အသက်-၃၂ နှစ်အရွယ်မိုဆာလက်နဲ့ နှိုင်းယှဉ်လိုက်ချိန်တိုင်း တောင်ကိုရီးယားတိုက်စစ်မှူးရဲ့ခြေစွမ်းက သူ့ရဲ့စွမ်းဆောင်ရည်ကို မထင်ဟပ်မိစေဘူးလို့ ခံစားမိနေပါတယ်။ ပိုစတီကိုဂလူက “ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာတွေ အမြဲတမ်းရှိပါတယ်။ မိုဆာလက်က အခုအချိန်မှာ အမြင့်ဆုံးအထိပျံသန်းနေတဲ့ အသင်းကောင်းတစ်ခုမှာ ကစားနေတာပါ။

ကျွန်တော် အရဲစွန့်ပြီးပြောပါရစေ၊ ဆွန်ဟောင်မင်ကို လီဗာပူအသင်းဆီ ပို့ဆောင်လိုက်မယ်ဆိုရင် သူ့ရဲ့သွင်းဂိုးနှုန်းက လက်ခံနိုင်လောက်တဲ့ပမာဏအထိ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ ဒါမျိုး လုပ်ပြနိုင်ဖို့ ကျွန်တော့်ရဲ့ကစားသမားတွေအတွက် ခက်ခဲပါတယ်။ သူတို့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာပြီဆိုရင် ဆွန်ဟောင်မင်ရဲ့ဂိုးသွင်းစွမ်းရည်နဲ့ အသင်းအပေါ်အကျိုးသက်ရောက်နိုင်စွမ်းတွေ ပြန်မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေ ယုတ်လျော့သွားတယ်လို့တော့ မယူဆမိပါဘူး”လို့ ပြောပါတယ်။