ရာသီသစ်မတိုင်ခင် အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ စိတ်ဝင်စားဖွယ် ပြောပြလာတဲ့ အန်းစလော့
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို တိတ်တိတ်ဆိတ်ဆိတ်ဖြတ်သန်းလာပြီးနောက် လီဗာပူးအသင်းဆီ ကစားသမားသစ်တွေခေါ်ယူသွားဖို့ နည်းပြအန်းစလော့ မျှော်လင့်နေပါတယ်။
ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ နီးကပ်လာချိန် ကစားသမား အပြောင်းအရွှေ့ဈေးကွက်ရဲ့ လက်ကျန်သီတင်းပတ်တွေအတွက် လီဗာပူးရဲ့အစီအစဉ်တွေအကြောင်းမေးမြန်းမှုတွေ ဒတ်ချ်လူမျိုးနည်းပြဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုမေးခွန်းတွေနဲ့ပတ်သက်လို့ ဖီယင်နု နည်းပြဟောင်းကိုယ်တိုင်ကလည်း အသင်းလူစာရင်းဆီ ကစားသမားသစ်တွေ ပေါင်းထည့်နိုင်ဖို့ လိုလားပါတယ်လို့ အတိအလင်းဝန်ခံခဲ့ပါတယ်။
ယာဂန်ကလော့ပ်ရဲ့တာဝန်တွေ လွှဲပြောင်းရယူပြီးနောက် အန်းစလော့က သူ့ရဲ့လူစာရင်းအပေါ် အကဲဖြတ်သွားဖို့ အချိန်လိုအပ်နေပေမယ့် ကစားသမားသစ်တွေ မခေါ်ယူဘူးဆိုရင်တော့ အလွန်အံ့အားသင့်မိပါလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
လီဗာပူးအသင်းရဲ့ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် အန်းစလော့က “သတင်းထူးတစ်ခုခုများရှိခဲ့ရင် ခင်ဗျားတို့ဆီ ကျွန်တော်တို့ အသိပေးပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အသင်းလူစာရင်းတစ်ခု ရှိနေပါတယ်။ ဒီအတွက် ကျွန်တော် တကယ့်ကို ကျေနပ်ခဲ့ရပါတယ်။ အကယ်၍ ကစားသမားသစ်တစ်ဦးတစ်လေတောင် မခေါ်ယူတော့ဘူးဆိုရင်တော့ ကျွန်တော်တို့အားလုံး အံ့အားသင့်သွားပါလိမ့်မယ်။ ဒါကြောင့် နောက်ဆုံးအဆုံးသတ်ချိန်မှာ အပြောင်းအရွှေ့တွေ ပေါ်ပေါက်ကောင်းပေါ်ပေါက်လာနိုင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့က အသင်းဆီပြန်လာမယ့် ကစားသမားတွေကို စောင့်ဆိုင်းနေသလို သင့်လျော်မှန်ကန်သူတစ်ဦးဦးကို ခေါ်ယူနိုင်ဖို့လည်း စောင့်ဆိုင်းနေပါတယ်”လို့ ပြောပါတယ်။
လက်ရှိအသင်းလူစာရင်းအပေါ် အကဲဖြတ်သုံးသပ်သွားဖို့ အန်းစလော့အတွက် အချိန်အနည်းငယ်ခွင့်ပြုပေးမှုက သင့်လျော်မှန်ကန်ပေမယ့်လည်း အခုရာသီ၊ အာဆင်နယ်နဲ့ မန်စီးတီးတို့လိုထိပ်တန်းပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်လိုတယ်ဆိုရင်တော့ လီဗာပူး အသင်းအတွက် အပြောင်းအရွှေ့ဈေးကွက်မှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်။ လီဗာပူးအသင်းက ၂၀၂၄ ခုနှစ်အစောပိုင်းမှာပဲ ယမန်နှစ်ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှ ထွက်ခွာခဲ့ရသလို ကလော့ပ်ကို ဆုံးရှုံးရခြင်းကလည်း ရာသီသစ်မတိုင်ခင် သူတို့ပြိုင်ဘက်တွေနောက်မှာ အတော်လေးနောက်ကျကျန်သွားနိုင်တယ်လို့ ယူဆရပါတယ်။
အန်းစလော့က အသင်းနဲ့ပြန်ပူးပေါင်းမယ့် ကစားသမားတွေကို စောင့်ဆိုင်းနေချိန်မှာပဲ လီဗာပူးအသင်းကတော့ သူတို့ရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို စတင်ခဲ့ပါတယ်။ လတ်တလောမှာ ပရက်စတန်နဲ့ တံခါးပိတ်ခြေစမ်းပွဲ ကစားခဲ့တဲ့ အန်ဖီးလ်ကလပ်အသင်းက အမေရိကန်မြေမှာ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ခြေစမ်းကစားသွားဖို့ ရှိနေပါတယ်။