
ဆက်စ်ကိုအတွက် လိုက်ပ်ဇစ်နဲ့သဘောတူညီမှုရရှိဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်
သတင်းတွေအရ အာဆင်နယ်ဟာ ဆက်စ်ကိုအတွက် လိုက်ပ်ဇစ်အသင်းတောင်းဆိုတဲ့ပြောင်းရွှေ့ကြေးအတိုင်း သဘောတူညီမှုရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာန Bild ကတော့ အာဆင်နယ်ဟာ ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆက်စ်ကိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေကတည်းက သဘောကျခဲ့တာဖြစ်ပြီး ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဘက်က သူတို့စတားအတွက် ပေါင် ၆၈.၅ သန်းကနေ ပေါင် ၈၅.၅ သန်းကြားတောင်းဆိုဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဘက်က ကနဦးကမ်းလှမ်းမှုမပြုလုပ်ရသေးပေမယ့် လိုက်ပ်ဇစ်လိုချင်တဲ့တန်ကြေးမျိုးပေးချေဖို့ အသင့်ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်ဘက်ကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေသလို အာဆင်နယ်ဘက်ကလည်း ရာသီကြိုခရီးစဉ်မတိုင်ခင် အပြောင်းအရွှေ့အပြီးသတ်ချင်နေပါတယ်။ ဆက်စ်ကိုအတွက်လည်း အာဆင်နယ်ထံပြောင်းဖြစ်ခဲ့ရင် ဥရောပပြိုင်ပွဲကန်ခွင့်ရမှာဖြစ်ပြီး လိုက်ပ်ဇစ်က အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံဆုအတွက် နွေရာသီမှာ လူအင်အားဖြည့်တင်းမှာဖြစ်ပြီး ဆက်စ်ကိုအပြောင်းအရွှေ့အပြီးမှာ အခြားပစ်မှတ်တွေကိုလည်း လှုပ်ရှားမှာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ မကြာခင်မှာ ဆက်စ်ကိုအပြောင်းအရွှေ့အပြီးသတ်နိုင်မယ်လို့ အကောင်းမြင်နေကြပါတယ်။ ဆက်စ်ကိုကို ပြီးခဲ့တဲ့အပတ်တွေတုန်းက ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းက ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားက ဥရောပမြေမှာသာကစားချင်တာကြောင့် ပယ်ချခဲ့ပါတယ်။