
အာဆင်နယ်နဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုလိုက်တဲ့ လူငယ်ကြယ်ပွင့် အီသန်ဝမ်နရီ
အာဆင်နယ်လူငယ်ကြယ်ပွင့် အီသန်၀မ်နရီဟာ အနာဂတ်ကို အသင်းနဲ့အတူ ဆက်လက်ဖြတ်သန်းဖို့ ရေရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုစာချုပ်သစ် ချုပ်ဆိုလိုက်ခြင်းဟာ ဝမ်နရီ မြောက်လန်ဒန်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ရပ်တန့်စေခဲ့တာဖြစ်ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးကို ရေရှည်ထိန်းသိမ်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီစာချုပ်သစ်ဟာ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဝမ်နရီဟာ လက်ရှိနည်းပြ မီခယ်လ်အာတီတာရဲ့ လက်အောက်မှာ အာဆင်နယ်အသင်းကြီးအတွက် ပွဲပေါင်း ၃၉ ပွဲအထိ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အာဆင်နယ်အသင်းအတွက်ရော ပရီးမီးယားလိဂ်ပြိုင်ပွဲမှာပါ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး၊ အသက် ၁၅ နှစ်နဲ့ ဒီထူးခြားတဲ့ မှတ်တိုင်ကို ရယူခဲ့တာလည်း ဖြစ်ပါတယ်။
စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် သူ့ရဲ့ပျော်ရွှင်မှုကို နွာနာရီက အာဆင်နယ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဝမ်နရီက"ဒါက ကျွန်တော့်အတွက် အရာရာပါပဲ။ ဒီစာချုပ်ပြီးမြောက်လို့ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီနေရာက ကျွန်တော်အိမ်လိုခံစားရပြီး အကောင်းဆုံး တိုးတက်နိုင်မယ့်နေရာလည်း ဖြစ်ပါတယ်။ ကျွန်တော်အသင့်ရှိပါပြီ။"လို့ ပြောခဲ့ပါတယ်။