
အပြောင်းအရွှေ့ဦးစားပေးအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
နောက်ခံလူ ကိုဝဲလ်တစ်ယောက် ပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
ကိုဝဲလ်ဟာ မာရက်စ်ကာလက်အောက် ပထမဆုံးရာသီမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပေမယ့် အရွတ်ကြောဒဏ်ရာကြောင့် လာမယ့်ရာသီကို လွဲချော်တော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အေဂျက်နောက်ခံလူ ဟာတိုကိုခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်သလို ဖိုဖာနာလည်း စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကိုဝဲလ်ဒဏ်ရာရရှိခဲ့တာကြောင့် အပြောင်းအရွှေ့မပိတ်ခင် နောက်ခံလူတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
“အဲ့တာက ကျွန်တော့်အတွက်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လီဗီက ထိပ်တန်းကစားသမားတစ်ဦးပါ။ ပြီးခဲ့တဲ့ရာသီတုန်းက သူ့ကြောင့် ကျွန်တော်တို့အောင်မြင်ခဲ့တာတွေရှိပါတယ်။ ကျွန်တော် သူ့ကိုနှစ်သက်သလို လွမ်းလည်းလွမ်းနေမှာပါ။သူ့နေရာအတွက် မတူညီတဲ့အဖြေတစ်ခုရှာဖွေဖို့ ကြိုးစားသွားမှာပါ။ ဆက်လက်စောင့်ကြည့်ပါ”လို့ ဖြေကြားခဲ့ပါတယ်။
လေဗာကူဆင်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ ကိုဝဲလ်အနေနဲ့ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို ကစားသမားသစ် အက်စ်တီဗိုတစ်ယောက်လည်း ပွဲဦးထွက်ပါဝင်ခဲ့ကာ ပွဲဦးထွက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
အဲ့နောက် ချဲလ်ဆီးအတွက် ဒုတိယမြောက်အနိုင်ဂိုးကို ဂျာအိုပက်ဒရိုက သွင်းယူပေးခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ၃ ရက် ၄ ရက်လောက်တုန်းက လေ့ကျင့်ခန်းအတူတူဆင်းခဲ့ပါတယ်။ ဒီနေ့ပွဲစွမ်းဆောင်ရည်ကို ကျွန်တော်တကယ်ကျေနပ်ပါတယ်။ ရာသီကြိုအတွက် ကျွန်တော်တို့မှာ အချိန်မရှိတော့ပါဘူး။ တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ပွဲကန်ရပါမယ်။
ကစားသမားအားလုံးတော့ မပျော်ပါဘူး။ ပွဲထွက်ခွင့်မရတဲ့ကစားသမားဆိုတာ မပျော်မရွှင်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူတို့နားလည်ဖို့လိုအပ်ပါတယ်။ အသင်းမှာ ကစားသမား ၂၂ ယောက် ၊ ၂၃ ယောက် ၊ ၂၄ ယောက်လောက်ရှိနေချိန်မှာ အလှည့်ကျတွေများနိုင်ပါတယ်။
သူ(အက်စ်တီဗို)က အရမ်းငယ်ရွယ်ပါသေးတယ်။ သေချာတာက ကျွန်တော်မနေ့ကပြောခဲ့သလို သူက အသင်းကိုကူညီပေးနိုင်မယ့်ကစားသမားဖြစ်သလို ထိပ်တန်းကစားသမားတစ်ဦးပါ”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။