The network connection is lost.

Banner Image

အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့တက်လှမ်းလာပြီးနောက် ချဲလ်ဆီးပြန်လာပြီလို့ ကြွေးကြော်လိုက်တဲ့ မာရက်စ်ကာ

ယနေ့နံနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို ၁-၅ နဲ့ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာသို့ တက်လှမ်းလာပြီးနောက် အန်ဇိုမာရက်စ်ကာက ချဲလ်ဆီးပြန်လာပြီလို့ ကြွေးကြော်လာခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိရှေ့ဆက်နိုင်ခဲ့ပြီး အသင်းအတွက်အနိုင်ဂိုးတွေကို ဒီဆာဆီ၊ ခရစ္စတိုဖာအန်ကွန်ကူ၊ နိုနီမာဒူကီ၊ ကိုးလ်ပယ်လ်မာနဲ့ ဂျေဒန်ဆန်ချိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ တစ်ဖက်မှာ လီဗာပူးက နယူးကာဆယ်ကို ၃-၃ နဲ့သရေကျခဲ့ပြီး ၂ မှတ်လျော့ခဲ့တာကြောင့် ယခုအခါမှာ ချဲလ်ဆီးနဲ့ ရမှတ် ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

ဒါ့အပြင် ၁-၅ ဆိုတဲ့ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာကြောင့် မာရက်စ်ကာရဲ့အသင်းဟာ တတိယနေရာက အာဆင်နယ်နဲ့ ရမှတ်တူညီပေမယ့် ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာမှာ ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ချဲလ်ဆီးပရိသတ်တွေက ဒီရာသီမှာ အသင်းကိုစတင်ဦးဆောင်ခဲ့တဲ့ နည်းပြမာရက်စ်ကာရဲ့ နာမည်ကို သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး ချီးကျူးပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အသက်-၄၄ နှစ်အရွယ် အီတလီသားကလည်း ချဲလ်ဆီးပြန်လာပြီဖြစ်ကြောင်းကို “ကျွန်တော့်နာမည်ကို ကြားနေရတာ တကယ်ကောင်းတဲ့ခံစားချက်ပါပဲ။ ပရိသတ်တွေ ပျော်ရွှင်နေကြတယ်ဆိုတာ အားလုံးမြင်နိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ သူတို့ကိုပျော်အောင်ထားဖို့ ကျွန်တော်တို့နေ့တိုင်း အလုပ်ကြိုးစားနေပါတယ်။ ဒီညပွဲစဉ်က တကယ်ပဲ ပျော်စရာကောင်းခဲ့ပါတယ်။ ချဲလ်ဆီးပြန်လာပြီဆိုတာ ပရိသတ်တွေသိပါတယ်။ အရေးကြီးဆုံးအရာက ဒါပါပဲ” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ခက်ခဲတဲ့လန်ဒန်ဒါဘီပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် တော့တင်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားဦးမလား စောင့်ကြည့်ရပါမယ်။