
ဘောလုံးရာသီသစ်အတွက် အသစ်အဆန်းတစ်ခုချပြနိုင်ဖို့ ကြိုးစားမိခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ မာရက်စ်ကာ
ဖလာမင်ဂိုကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အသစ်အဆန်းတစ်ခုကို ချပြနိုင်ဖို့အတွက် ကြိုးပမ်းမိခဲ့တယ်လို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာက ပြောကြားခဲ့ပါတယ်။ ဖီလာဒဲလ်ဖီးယားရှိ လင်ကွန်းဖိုင်နေရှယ်ကွင်းကြီးမှာ ကစားတဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးက နက်တိုရဲ့အဖွင့်ဂိုးနဲ့ ပွဲချိန်ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း ဖလာမင်ဂိုအတွက် ဟင်းနရစ်၊ ဒါနီလို၊ ဝေါလေ့ယန်တို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရလို့ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အထူးသဖြင့် ဖလာမင်ဂိုရဲ့ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ခြောက်မိနစ်အတွင်း ပေးခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာလည်း လူစားဝင်ကစားသမားဂျက်ဆန် ထုတ်ပယ်ခံရလို့ ချဲလ်ဆီးတို့ လက်ကျန်ပွဲချိန်တွေကို ကစားသမား ၁၀ ဦးဖြင့် ဖြတ်သန်းခဲ့ရပါတယ်။ ပွဲစဉ်အပြီး မာရက်စ်စကာက “ ကံမကောင်းစွာနဲ့ဘဲ အလွန်တိုတောင်းတဲ့အခိုက်အတန့်ကာလတစ်ခုအတွင်းမှာ နှစ်ဂိုးပေးလိုက်ရပါတယ်။ ပြီးတော့ အနီကတ်ပေါ့။ ဒါက ပွဲစဉ်ဆီပြန်လာနိုင်ဖို့အတွက် အလွန်ရှုပ်ထွေးသွားစေပါတယ်။ ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
ဖလာမင်ဂိုကို ဂုဏ်ပြုပေးရပါမယ်။ သူတို့တွေ အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ လာမယ့်ဘောလုံးရာသီသစ်အတွက် မတူညီတဲ့အရာတစ်ခုခုကို လုပ်ဆောင်ကြည့်ဖို့ ကြိုးစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဂုဏ်ပြုပေးရပါမယ်။ အခုတော့ ကျွန်တော်တို့အတွက် လက်ကျန်ပွဲစဉ်မှာ အနိုင်ရရှိအောင် ကြိုးစားသွားဖို့ပဲ ကျန်ပါတော့တယ်”လို့ ပြောခဲ့ပါတယ်။