
ချန်ပီယံလိဂ်ဆုဖလားအတွက် တိုက်ပွဲဝင်မယ့် ဒေါ့မွန်အသင်းကို မြင်တွေ့ချင်နေတဲ့ နည်းပြ အီဒင်တာဇစ်
ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူတို့အသင်းကို အောက်အသင်းအဖြစ် သတ်မှတ်ထားမှုတွေအပေါ် လက်ခံပေးထားဖို့ ဒေါ့မွန်နည်းပြအီဒင်တာဇစ်က လိုလားနေပါတယ်။ ဥရောပဘောလုံးရာသီကို အဆုံးသတ်မယ့် အလွန်အရေးကြီးလှတဲ့ပွဲစဉ်တစ်ခုအတွက် ဒေါ့မွန်က ဒီည၊ ဝင်ဘာလေကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
ပြည်တွင်းလိဂ်မှာ အဆင့်-၅ နေရာနဲ့ရာသီသိမ်းခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါကလပ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ဗိုလ်လုဖို့ ဖိုင်နယ်ပွဲစဉ်ဆီ ချီတက်လာပါတယ်။ လက်ရှိလာလီဂါချန်ပီယံတွေကလည်း ရေပန်းစားမှုအားနည်းတဲ့ ဒေါ့မွန်နဲ့ရင်ဆိုင်ရချိန် အသင်းအတွက် စံချိန်တင် ၁၅ ကြိမ်မြောက်ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပါတယ်။
ဒါပေမယ့် ချန်ပီယံဖြစ်လာဖို့ အလေးပေးမှုတွေ အသာမရရှိထားပေမယ့် သူ့ကစားသမားတွေအနေဖြင့် ဒါကို အားသာချက်ဖြစ်လာအောင်လုပ်သွားဖို့ တာဇစ်ဘက်က လိုလားနေပါတယ်။ဒါ့အပြင် သူက ပြီးခဲ့တဲလ၊ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပွဲကြိုအခင်းအကျင်းတွေကိုလည်း အမှတ်ရနေဖို့ သူ့အသင်းကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။
ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း တာဇစ်က “ တကယ်တော့ ရီးရဲလ်မက်ဒရစ်နဲ့ ၁၀ ပွဲလောက် ကစားရမယ်ဆိုရင်လည်း ဒါက အရမ်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဖိုင်နယ်ပွဲစဉ်ဆိုရင်တော့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ဒါက အခွင့်အခါအခိုက်အတန့်အကြောင်း ပြောနေတာမျိုးမဟုတ်ဘဲ ပွဲစဉ်အကြောင်းပဲ ပြောနေတာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲဆီရောက်ရှိလာဖို့ ကျွန်တော်တို့ ပွဲ ၆၀ လောက် ကစားခဲ့ရပါတယ်။
သူတို့အသင်းက ဗိုလ်စွဲဖို့ ရေပန်းစားနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ အက်သလက်တီကိုမက်ဒရစ်(သို့မဟုတ်) ပီအက်စ်ဂျီတို့နဲ့ ရင်ဆိုင်ရချိန်တုန်းကလည်း ကျွန်တော်တို့အသင်း အနိုင်ရဖို့ ရေပန်းမစားခဲ့ပါဘူး”လို့ ပြောပါတယ်။
တာဇစ်ရဲ့သတင်းစကားတွေက လန်ဒန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ဒေါ့မွန်ကစားသမားတွေအတွက် အလွန်အရေးကြီးနေပါလိမ့်မယ်။ လတ်တလောဒေတာအချက်အလက်တွေအရ တာဇစ်ရဲ့အသင်းက ချန်ပီယံဖြစ်လာဖို့အခွင့်အရေး ၃၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါတယ်။