
The network connection is lost.

စပိန်သားနည်းပြ ကာရာဘောင်ဖလား ပွဲမတိုင်ခင် နယူးကာဆယ်နဲ့ပွဲမှာ တစ်သင်းလုံး အပြောင်းအလဲလုပ်မယ်လို့ ပြောကြားခဲ့ပေမယ့် နယူးကာဆယ်နည်းပြ ဟိုဝီက ဂွါဒီယိုလာအနေနဲ့ အကောင်းဆုံးမန်စီးတီး အသင်းကို ပွဲထုတ်လာမယ်လို့ မျှော်လင့်နေပါတယ်။
စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဂွါဒီယိုလာက လိဂ်ဖလားမှာ စွမ်းအင် ၁% တောင်မဖြုန်းတီးချင်ဘူးလို့ ပြောကြားခဲ့ကာ ဒဏ်ရာအခြေအနေကိုလည်း ကြည့်ရဦးမယ်လို့ ဆိုပါတယ်။
“ကစားသမားဘယ်နယောက်လောက်ရမလဲဆိုတာ ကျွန်တော်တို့ကြည့်ရပါမယ်။ ဂျက်တစ်ယောက် မိနစ်အနည်းငယ်ပြန်ရတာက ကောင်းပါတယ်။ အခြားကစားသမားတွေဆို မိနစ်တွေအများကြီး ရပါတယ်။ သူတို့နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်မှာမဟုတ်ပါဘူး။ အဲ့တာက သေချာပါတယ်။ ကာရာဘောင်က ပြီးပြည့်စုံပါတယ်။ ရာသီအစက ပွဲတွေများသလို အသင်းမှာလူအင်အားတွေရှိပေမယ့် ပုံမှန်ကစားခွင့်မရတဲ့ ကစားသမားတွေရှိနေပါတယ်။ သူတို့ကစားခွင့်မိနစ်ရတော့မှာပါ။ အဲ့တာက ပြီးပြည့်စုံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာများနေပါတယ်။ ကာရာဘောင်မှာ စွမ်းအင် ၁%တောင်မဖြုန်းတီးချင်ပါဘူး။ ဝေါ်လ်ကာ၊ ဒီယက်စ်တို့ကို ဥပမာအနေနဲ့ ကြည့်ပါ။ သူတို့နိုင်ငံအသင်းအတွက် မိနစ် ၉၀ ပါဝင်ခဲ့ရသလို အသင်းအတွက်လည်း ပါဝင်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကိုအနားပေးဖို့ လိုအပ်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့ပြောကြားချက်ကို ဟိုဝီက အယုံအကြည်မရှိဖြစ်နေပြီး အကောင်းဆုံးလူစာရင်း ပွဲထုတ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “မန်စီးတီးမနက်ဖြန်မှာ အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်လာမယ်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ မန်စီးတီးနဲ့ပွဲအပြီးမှာ ဘန်လေ၊ ဝက်စ်ဟမ်းတို့နဲ့ကစားရမှာဖြစ်ပြီး အဲ့နောက် ပီအက်စ်ဂျီနဲ့ဆက်ကစားရမှာဖြစ်ပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ လူစာရင်းကို အသုံးပြုပါတယ်။ ကျွန်တော့်ဦးနှောက်ထဲမှာတော့ အပြီးမသတ်ရသေးပါဘူး။ ပွဲမတိုင်ခင် ကစားသမားအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ကစားသမားတွေရဲ့အခြေအနေကို လုပ်ဆောင်ရမှာဖြစ်ပြီး ကျွန်တော်တို့ သူတို့ကို ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ အသင်းလူစာရင်းကို အကျိုးရှိရှိအသုံးချရမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ပွဲကျပ်တွေလာတော့မှာပါ။ ကျွန်တော်အကြိမ်ပေါင်းများစွာပြောခဲ့သလို ကွင်းထဲကို အကောင်းဆုံး ကစားသမားတွေပဲ စေလွှတ်ချင်ပါတယ်။ စမ်းသပ်မှုတွေ ရှိလာနိုင်ပြီး ကျွန်တော်တို့ ပြိုင်ပွဲတိုင်းကို ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။ အရေးကြီးပွဲတွေကို သေချာလေးအာရုံစိုက်ကစားဖို့ လိုအပ်ပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။