The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမယ့်မြို့တွေ အဆင့်သင့်ဖြစ်နေဖို့ မျှော်လင့်နေတဲ့ ဖီဖာ

လုံခြုံရေးအကြောင်းပြချက်ကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းရနိုင်တယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ထုတ်ဖော်ပြောဆိုမှုအပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ပွဲစဉ်တွေလက်ခံကျင်းပမယ့် မြို့ ၁၆ ခုလုံး အဆင့်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိကြောင်း ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် မြို့ ၁၆ ခုလုံး ပွဲစဉ်တွေ  လက်ခံကျင်းပဖို့နဲ့ လိုအပ်တဲ့အရာအားလုံး ဖြည်ဆည့်ပေးဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လုံခြုံရေးနဲ့ လုံခြုံမှုအပိုင်းဆိုတာ ကမ္ဘာတစ်ဝှမ်း ဖီဖာကိုယ်တိုင်ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲအားလုံးအတွက် ထိပ်တန်းဦးစားပေးသတ်မှတ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအစိုးရတွေကသာ လုံခြုံရေးနဲ့ လုံခြုံမှုအပိုင်းကို တာဝန်ယူပေးရမယ်ဆိုတာ သိသာထင်ရှားလှတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ သူတို့တွေကပဲ ပြည်သူ့လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်မယ့်အရာတွေကို ဆုံးဖြတ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ထရမ့်က လိုအပ်ချက်အရ အမေရိကန်မြို့ကြီးတွေမှာကျင်းပမယ့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းမှုအပေါ် ဖီဖာဥက္ကဋ္ဌအင်ဖန်တီနို ထောက်ခံပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာလည်း ထရမ့်က ဒီမိုကရက်အားကောင်းတဲ့မြို့ကြီးတွေမှာ ဖြိုခွဲမှုတွေလုပ်ဆောင်ရင်း ကမ္ဘာ့ဖလားပွဲစဉ်တွေရွှေ့ဆိုင်းရမှုဖြစ်နိုင်ခြေကို တိုးမြှင့်ခဲ့ဖူးပါတယ်။

သတင်းထောက်တစ်ဦးရဲ့ ဘော့စတွန်မြို့မှာကျင်းပမယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေကို ရွှေ့ဆိုင်းသွားဖို့ရှိ၊မရှိဆိုတဲ့ မေးခွန်းအပေါ် ထရမ့်က “ တစ်စုံတစ်ဦးက ဆိုးဆိုးရွားရွားအပြုအမူတစ်ခုပြုလုပ်နေပြီဆိုရင်၊ ဒါက လုံခြုံမှုရှိတဲ့ အခြေအနေမဟုတ်ဘူးလို့ ကျွန်တော်ကိုယ်တိုင် ယူဆလာမယ်ဆိုရင် ကျွန်တော်က ဖီဖာအကြီးအကဲအင်ဖန်တီနိုဆီ ပွဲစဉ်တွေကို အခြားနေရာဆီပြောင်းရွှေ့ကြရအောင်လို့ ပြောသွားရပါလိမ့်မယ်။ ပြီးတော့ သူကိုယ်တိုင်ပဲ ပွဲစဉ်ရွှေ့ဆိုင်းမှုကို လုပ်သွားပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ဆိုတာ သူ့အတွက် အလွန်လွယ်ကူလွန်းပါတယ်” လို့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမေရိကန်သမ္မတက လိုအပ်လာရင် ၂၀၂၈ လော့စ်အိန်ဂျယ်လိစ်အိုလံပစ်ပြိုင်ပွဲရဲ့ အခမ်းအနားတွေကိုလည်း ရွှေ့ဆိုင်းနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရီပတ်ပလီကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အခုနှစ်အတွင်း ဒီမိုကရက်တစ်ပါတီအုပ်ချုပ်တဲ့ အမေရိကန်မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေနဲ့ လက်ဝဲယိမ်းလှုပ်ရှားမှုတွေကို တန်ပြန်ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဒေသတွင်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ကန့်ကွက်နေချိန်မှာပဲ အမေရိကန်အမျိုးသားအစောင့်တပ်ကို ဖြန့်ကြက်ချထားခဲ့ပါတယ်။

လာမယ့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်ခုနစ်ခုကို ဘော့စတွန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး ဆန်ဖရန်စစ္စကိုနဲ့ ဆီယက်တဲလ်တို့က ပွဲစဉ်ခြောက်ခုစီ၊ လော့အိန်ဂျယ်လိစ်က ပွဲစဉ်ရှစ်ခု လက်ခံကျင်းပသွားဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့အတူ ပြိုင်ပွဲဝင်အသင်း ၄၈ ခုပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိပေမဲ့ ပွဲစဉ်အများစုကိုတော့ အမေရိကန်မြေမှာပဲ ဧည့်ခံကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် အိမ်ရှင်မြို့ ၁၆ ခုမှာ ၁၁ ခုက အမေရိကန်နိုင်ငံအတွင်းမှာပဲ ရှိပါတယ်။ အခုနှစ်စောပိုင်းမှာ ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ဖြူတော်လုပ်ငန်းအဖွဲ့တစ်ခုရဲ့ဥက္ကဋ္ဌအဖြစ် သူ့ကိုယ်သူ ခန့်အပ်ခဲ့ပါတယ်။