အင်ဖန်တီနိုရဲ့ကံကြမ္မာကို ၂၀၂၇ ခုနှစ်ရွေးကောက်ပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေကိုယ်တိုင် ဆုံးဖြတ်ပါစေလို့ ဆိုလိုက်တဲ့ CAF ဥက္ကဋ္ဌ
ဖိအားတွေကြုံနေရတဲ့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုရဲ့ကံကြမ္မာကို လာမယ့်မတ်လရွေးကောက်ပွဲမှာ အဖွဲ့ဝင် ၂၁၁ နိုင်ငံကပဲ ဆုံးဖြတ်သင့်တယ်လို့ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဋ္ဌ ပတ်ထရစ်မော့စီပီက ပြောကြားလိုက်ပါတယ်။
ဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံဖို့ ကြိုးစားနေတဲ့ အင်ဖန်တီနိုက ကမ္ဘာ့ဖလားအပါအဝင် ဖီဖာပြိုင်ပွဲတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုဖို့ ကြံစည်ခဲ့မှုကြောင့် ယူအီးအက်ဖ်အေ (UEFA)၊ အာရှ (AFC) နဲ့ မြောက်အမေရိက (CONCACAF) ဘောလုံးအဖွဲ့ချုပ် သုံးခုရဲ့ အပြင်းအထန်ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒီအဖွဲ့ချုပ်တွေက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်ပြီး ရာထူးမှနုတ်ထွက်ပေးဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ မော့စီပီကတော့ မတ် ၁၈ ရက်၊ မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့မှာ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ဖီဖာညီလာခံအတွင်း အင်ဖန်တီနိုကို ဥက္ကဋ္ဌနေရာအတွက် ဆက်ခွင့်ပြုပေးမလားဆိုတဲ့ ကိစ္စအပေါ် အဖွဲ့ဝင်နိုင်ငံတွေအားလုံးကပဲ ဆုံးဖြတ်သင့်တယ်လို့ ယုံကြည်နေပါတယ်။
"လာမယ့်နှစ်မှာ ရွေးကောက်ပွဲ လုပ်တော့ပါမယ်။ အဲဒီလုပ်ငန်းစဉ်အတိုင်းပဲ သွားပြီး အဖွဲ့ဝင် ၂၁၁ နိုင်ငံက ဆုံးဖြတ်တဲ့ကိစ္စကို ခွင့်ပြုသင့်ပါတယ်" လို့ မော့စီပီက ဗုဒ္ဓဟူးနေ့မှာ Sky News ကို ပြောပါတယ်။ "တကယ်လို့ သူ့ကို ယှဉ်ပြိုင်ချင်တဲ့သူ ရှိရင်လည်း နာမည်စာရင်း တင်လို့ ရပါတယ်။ ဒါကပဲ မှန်ကန်တဲ့ နည်းလမ်းပါ"
"ကျွန်တော်ကတော့ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုပဲ အာရုံစိုက်ချင်ပါတယ်။ အခက်အခဲတွေ ကြုံနေရချိန် ဘောလုံးလောက တိုးတက်အောင် ဘယ်လို ဆက်လုပ်ကြမလဲ? စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်သွားရပါမယ်" လို့ သူက ဆိုပါတယ်။
ခေါင်းဆောင်တွေကိုယ်တိုင် စစ်ဆေးစမ်းသပ်မှုကို ခံနိုင်ရမယ်လို့ မော့စီပီက ယုံကြည်ထားပေမဲ့ ဖီဖာမှာတော့ တိုင်ကြားမှုတွေကို ဖြေရှင်းဖို့ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားလို့ ဆိုပါတယ်။
"ကျွန်တော်ကိုယ်တိုင် ဥက္ကဋ္ဌတစ်ဦးအဖြစ် လုပ်ထုံးလုပ်နည်းတွေ၊ စီမံခန့်ခွဲမှုစည်းမျဉ်းတွေနဲ့မညီတဲ့ လုပ်ရပ်မျိုး လုပ်မယ်ဆိုရင်လည်း ကျွန်တော့်ကို မေးခွန်းထုတ်စစ်ဆေးနိုင်ပါတယ်" လို့ သူက ပြောပါတယ်။
"အင်ဖန်တီနိုဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် မကျေနပ်တာရှိရင် ဖီဖာရဲ့လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်ပါ။ သူ့ကို ရာထူးမှဖယ်ရှားချင်တယ်ဆိုရင်လည်း ရွေးကောက်ပွဲမှာပဲ ဆုံးဖြတ်ကြပါ၊ အဲဒါက အရိုးရှင်းဆုံးပါပဲ"
"အဖွဲ့ဝင် ၂၁၁ နိုင်ငံကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ။ သူ့အပေါ် ယုံကြည်မှု ရှိ၊ မရှိဆိုတာကို မဲပေးပြီး ဖော်ပြပါလိမ့်မယ်။ လူတိုင်းဟာ တရားမျှတတဲ့ ဆုံးဖြတ်ချက်နဲ့ ဆက်ဆံမှုကို ရပိုင်ခွင့် ရှိပါတယ်။ လူတိုင်းရဲ့အသံကို နားထောင်ပေးရပါမယ်။ လုပ်ထုံးလုပ်နည်း၊ စီမံခန့်ခွဲမှုနဲ့ ဥပဒေကြောင်းအရ မှန်ကန်မှုဆိုတာတွေကတော့ ညှိနှိုင်းလို့ မရပါဘူး" လို့ မော့စီပီက ရှင်းပြပါတယ်။
ဒါ့အပြင် အင်ဖန်တီနိုမှာ CAF ရဲ့ ထောက်ခံမှု ရှိနေဆဲပဲလို့ မော့စီပီက အတည်ပြုခဲ့ပါတယ်။ "အင်ဖန်တီနိုက အာဖရိကဘောလုံးလောကအပေါ် သစ္စာရှိခဲ့ပါတယ်။ ဒါကြောင့် အာဖရိကရဲ့ထောက်ခံမှုကို သူ ရရှိနေတာပါ" လို့ မော့စီပီက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။