ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး သိက္ခာချတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ ယူအီးအက်ဖ်အေအပေါ် ဖီဖာ တုံ့ပြန်ပြစ်တင်
ကမ္ဘာ့ဖလားပြိုင်ပွဲရင်းနှီးမြှုပ်နှံမှုစီမံကိန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လွှဲပြောင်းပေးအပ်ဖို့ အမေရိကန်တရားသူကြီးတွေမှတဆင့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုလာမှုကို ဖီဖာက သိက္ခာချတဲ့လှုပ်ရှားမှုနဲ့ အကွက်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနေတယ်လို့ စွပ်စွဲပြစ်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအစုရှယ်ယာတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချမယ့် သဘောထားကွဲလွဲစရာစီမံကိန်း ထွက်ပေါ်လာပြီးနောက် ဘောလုံးလောကတစ်ခုလုံးရဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကလည်း ဒီစီမံကိန်းကို မဖျက်သိမ်းဘူးဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အခုလိုကန့်ကွက်မှုတွေကြောင့် ဖီဖာက စီမံကိန်းကို အလျင်အမြန်ဖျက်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေကတော့ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုကို "ရာဇဝတ်မှုမြောက်တဲ့ စီမံခန့်ခွဲမှုအလွဲအမှား"တွေ ဆောင်ရွက်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ တရားစွဲဆိုဖို့ ပြင်ဆင်လာပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ ယူအီးအက်ဖ်အေက အမေရိကန်ပြည်နယ်သုံးခုမှာ ဖီဖာနဲ့ ဖီဖာရဲ့စီးပွားဖက်တွေကို အငြင်းပွားဖွယ်စီမံကိန်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထုတ်ဖော်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဖီဖာရဲ့စီးပွားဖက်တွေထဲမှာ အလားအလာရှိတဲ့ရင်းနှီးမြှုပ်နှံသူဂျိုရှုအာကူရှ်နာရဲ့Thrive Capital လည်း ပါဝင်ပါတယ်။
တကယ်လို့ ဒီစာရွက်စာတမ်းတွေသာ ရရှိသွားမယ်ဆိုရင် ယူအီးအက်ဖ်အေက ဆွစ်ဇာလန်ရှိ တရားရုံးမှာ ကြားနာဖို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုတဲ့ အာမခံချက် ရရှိသွားနိုင်ပါတယ်။ ဒါကြောင့် ဆွစ်ဇာလန်မှာပဲ တရားဝင်တရားစွဲဆိုမှု ပြုလုပ်သွားဖို့ ရည်ရွယ်သွားတယ်လို့ ယူအီးအက်ဖ်အေက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဖီဖာကတော့ ယူအီးအက်ဖ်အေရဲ့အခုလိုတောင်းဆိုလာမှုအပေါ် ကန့်ကွက်ပိုင်ခွင့်ပေးဖို့ အမေရိကန်တရားသူကြီးတွေဆီ တောင်းဆိုကာ တုံ့ပြန်လိုက်ပါတယ်။
"ဒီတောင်းဆိုမှုတွေက တရားဝင်စွဲချက်တင်မှုပုံစံမျိုး ပြုလုပ်ထားပေမဲ့ ဖီဖာနဲ့ခေါင်းဆောင်ပိုင်းအပေါ် ယူအီးအက်ဖ်အေရဲ့ သိက္ခာချတဲ့လှုပ်ရှားမှုတွေကို ပံ့ပိုးပေးမယ့် သတင်းထုတ်ပြန်ချက်တွေထက် မပိုပါဘူး" လို့ ဖီဖာရဲ့တင်သွင်းလွှာမှာ ဖော်ပြထားပါတယ်။
AFP သတင်းဌာနကိုယ်တိုင် ပြန်လည်ဆန်းစစ်ခဲ့တဲ့ ဒီတင်သွင်းလွှာတွေမှာ ဆွစ်ဇာလန် သို့မဟုတ် အခြားနေရာတွေမှာ ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုမှု အခုအချိန်အထိ မရှိသေးလို့ ယူအီးအက်ဖ်အေအနေဖြင့် ဖီဖာရဲ့စာရွက်စာတမ်းတွေကို တောင်းဆိုပိုင်ခွင့်မရှိဘူးလို့ ထုချေထားပါတယ်။
တကယ်လို့ ရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုမှုတွေ ရှိလာရင်တောင် ယူအီးအက်ဖ်အေအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနစ်နာမှု တစုံတရာမရှိခဲ့လို့ စာရွက်စာတမ်းတွေကို တရားဝင်တောင်းဆိုခွင့် မရှိနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဖီဖာရဲ့တင်သွင်းလွှာမှာ ယူအီးအက်ဖ်အေက ဆွစ်ဇာလန်တရားရုံးတွေကို မထီမဲ့မြင်ပြုပြီး အမေရိကန်တရားရုံးတွေဆီ တိုက်ရိုက်လျှောက်ထားခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။
အင်ဖန်တီနို အပါအဝင် အခြားဖီဖာတာဝန်ရှိသူတွေ၊ အကြံပေးတွေရဲ့ ဆက်သွယ်မှုဆိုင်ရာ အချက်အလက်တွေ အပါအဝင် စာရွက်စာတမ်းတွေကို ထုတ်ဖော်ပြသရမယ်ဆိုရင် "ဖီဖာရဲ့အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်နိုင်ပြီး လျှို့ဝှက်ချက်တွေနဲ့ မူပိုင်ခွင့်သတင်းအချက်အလက်တွေကို ပေါက်ကြားသွားစေနိုင်ပါတယ်"လို့လည်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ဖလားအောင်အောင်မြင်မြင်ကျင်းပခဲ့ပြီးနောက် လာမယ့်မတ်လအတွင်း စိန်ခေါ်သူမရှိ၊ စတုတ္ထမြောက်နဲ့ နောက်ဆုံးအကြိမ်သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံရဖို့ မျှော်လင့်နေတဲ့ အင်ဖန်တီနိုကို ရာထူးမှဖယ်ရှားသွားလိုတဲ့ ဆန္ဒကို ယူအီးအက်ဖ်အေက မဖုံးကွယ်ထားပါဘူး။
ယူအီးအက်ဖ်အေက ဖီဖာရဲ့စီမံကိန်းကို "လျှို့ဝှက်ဆန်းကြယ်ပြီး မရိုးဖြောင့်တဲ့ သဘောတူညီမှုတစ်ခု" အဖြစ် တင်စားခဲ့ဖူးပြီး ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ် (CONCACAF)နဲ့ အာရှဘောလုံးအဖွဲ့ချုပ်(AFC) တို့ရဲ့ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
CONCACAF ဥက္ကဋ္ဌဗစ်တာမွန်တာဂလီယာနီက အင်ဖန်တီနိုကို စိန်ခေါ်နိုင်မယ့် အနီးစပ်ဆုံးသူအဖြစ် ရှုမြင်ခံထားရပြီး ယူအီးအက်ဖ်အေဥက္ကဋ္ဌစီဖာရင်ကတော့ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။
ဒီအဖွဲ့ချုပ်သုံးခုလုံးက ဖီဖာဆီ ဖိအားပေးမှုတွေ ဆက်လက်ပြုလုပ်နေခဲ့ကြပြီး ဩဂုတ်လအစောပိုင်းမှာ ပြင်းထန်တဲ့ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
ယူအီးအက်ဖ်အေက "ဖီဖာကို တစ်ဦးတစ်ယောက်တည်းရဲ့အာဏာအတွက် အသုံးချတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် မလည်ပတ်စေဘဲ ဘောလုံးလောကကို အကျိုးပြုမယ့် အဖွဲ့အစည်းတစ်ခုအဖြစ်သာ နောက်တစ်ကြိမ် လည်ပတ်သင့်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဖီဖာကတော့ ဒီလိုစွပ်စွဲချက်တွေကို ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။
"ဒီတောင်းဆိုမှုက ဖီဖာနဲ့ ဖီဖာရဲ့ခေါင်းဆောင်ပိုင်းအပေါ် ယူအီးအက်ဖ်အေကိုယ်တိုင် သိက္ခာချလာတဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်" လို့ ဖီဖာရဲ့ တင်သွင်းလွှာတွေတစ်ခုမှာ အကျဉ်းချုပ်ဖော်ပြထားပါတယ်။