တစ်နှစ်လောက်အနားယူပြီးနောက် ဘောလုံးလောကကို ပြန်လာတော့မယ့် ဒီဂီယာ
ယူနိုက်တက်ဂိုးသမားဟောင်း ဒီဂီယာတစ်ယောက် တစ်နှစ်လောက် ဘောလုံးလောက ကနေ အနားယူခဲ့ပြီးနောက် ပြန်လာတော့မယ်လို့ သိရပြီး ပရီးမီးယားလိဂ်ကိုတော့ ပြန်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။ စပိန်သားဟာ ၂၀၂၂ - ၂၃ ရာသီတုန်းက ယူနိုက်တက်ကနေ စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဒီဂီယာရဲ့စွမ်းဆောင်ရည်ဟာ ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်တာကြောင့် နောက်တစ်ကြိမ်ပြန်လာတာက သူ့အတွက် လာခြင်းကောင်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီဂီယာ အနေနဲ့ ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါးကို အနားယူခဲ့တာက ပွဲကစားချိန်တော့ ပြတ်လပ်နေပါတယ်။
အသက် ၃၃ နှစ်သားက အနားယူဖို့ အစီအစဉ်မရှိသေးပဲ လာမယ့်ရာသီသစ်မတိုင်ခင် အသင်းသစ်ရှာဖွေနေပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ ဒီဂီယာဟာ ဆော်ဒီ ၊ အမေရိကနဲ့ အီတလီမြေတွေအတွက် လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်္ဂလိပ်ကလပ်တွေကလည်း ဒီဂီယာကို စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်မှာ ကစားခဲ့ဖူးတာကြောင့် ပရီးမီးယားလိဂ်ကိုတော့ ပြန်လာဖွယ်မရှိတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ ဒီဂီယာဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မေလတုန်းက ဒီဂီယာတစ်ယောက် “Loading…”ဆိုတဲ့ ကပ်ပရှင်နဲ့ လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်းသစ်မရှိတာကြောင့် ဒီဂီယာအနေနဲ့ မိသားစုနဲ့အချိန်ကုန်ဆုံးနေပြီး အခွင့်အရေးရောက်လာရင် အဆင်သင့်ဖြစ်အောင် အလုပ်ကြိုးစားနေပါတယ်။