
ဒါဝင်နူနက်ဇ်ကို ပြောင်းရွှေ့ကြေးယူရို ၅၃ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့တဲ့ အယ်လ်ဟီလယ်
ကလပ်အသင်းနှစ်ခုအကြား ယူရို ၅၃ သန်း(ပေါင် ၄၆ သန်း/ဒေါ်လာ ၆၂ သန်း)တန် အပြောင်းအရွှေ့သဘောတူညီမှုတစ်ခုရရှိပြီးနောက် လီဗာပူးတိုက်စစ်မှူးဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်ဆီ ရောက်ရှိလာဖို့ အတော်လေးနီးစပ်လာပါတယ်။ အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ လီဗာပူးက ဒါဝင်နူနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် အယ်လ်ဟီလယ်နဲ့သဘောတူညီမှုရရှိပြီးနောက် နယူးကာဆယ်တိုက်စစ်မှူးအီဆက်ခ်ကို ခေါ်ယူနိုင်ရေး ဆက်လက်ကြိုးပမ်းလာဖွယ်ရှိတယ်လို့ သိရပါတယ်။ ငှက်ကျားတွေကတော့ သူတို့ရဲ့တိုက်စစ်မှူးအတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာနိုင်တဲ့ ပေါင်သန်း ၁၅၀(ဒေါ်လာသန်း ၂၀၀)အထိ တောင်းဆိုထားပြီး ဥရုဂွေးတိုက်စစ်မှူးကိုရောင်းချခြင်းဖြင့် ဘဏ္ဍာရေးအင်အားဖြည့်တင်းသွားဖို့ ကြိုးကြာနီတို့ ပြင်ဆင်လာပါတယ်။
၂၀၂၂ ခုနှစ်မှာ လီဗာပူးဆီ ပေါင် ၅၇ သန်း(ဒေါ်လာ ၇၆ သန်း)ဖြင့်ရောက်ရှိလာတဲ့ ဒါဝင်နူနက်ဇ်အတွက် အသုံးပြုခဲ့ရတဲ့ငွေကြေးတွေကို ပြန်လည်ရရှိစေဖို့ လီဗာပူးတို့ ကြိုးပမ်းလာပါတယ်။ ဒီကာလတလျှောက် ဘင်ဖီကာတိုက်စစ်မှူးဟောင်းက ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲကစား၊ ဂိုး ၄၀ သာ သွင်းယူနိုင်ခဲ့ပြီး အန်ဖီးလ်မှာ နေရာတစ်ခုရရှိဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ်မှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင်လည်း ၉၅ ပွဲကစား၊ ၂၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်က ဆော်ဒီမြေမှာ သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားဖွယ် ရှိပါတယ်။ ငှက်ကျားတွေကလည်း အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ ဆွီဒင်လက်ရွေးစင်ကစားသမားနေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီရဲ့ဘာကိုလာကို ပစ်မှတ်ထားစဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ လီဗာပူးကတော့ အခုသီတင်းပတ်ကုန်၊ ဝင်ဘလေကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားပါမယ်။ ဒီပွဲစဉ်မတိုင်ခင်မှာပဲ ဒါဝင်နူနက်ဇ်ရဲ့ဆော်ဒီပရိုလိဂ်ခရီးစဉ်က အပြီးသတ်သွားနိုင်မယ်လို့ ယူဆရပါတယ်။