အီတလီအသင်းအတွက် အလွန်စိတ်ပျက်နောင်တရမိတယ်လို့ ဆိုလာတဲ့ ဒါမီယန်
ယမန်နေ့ညပိုင်း၊ ယူရို-၂၀၂၄ နောက်ဆုံး ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာလာရပြီးနောက် အီတလီလက်ရွေးစင်အသင်းအတွက် အလွန်စိတ်ပျက်နောင်တရမိတယ်လို့ နောက်ခံလူဒါမီယန်က ဝန်ခံပြောဆိုလိုက်ပါတယ်။
ဒဏ်ရာပြဿနာကြောင့် အင်တာမီလန်အသင်းဖော်ဒီမာကို ပါဝင်ကစားနိုင်ခြင်းမရှိချိန် ဒါမီယန် ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့် ဘယ်ခြမ်းအစွန်ခံစစ်မှာ အဆင်ပြေပြေချောချောမွေ့မွေ့ရှိနေပုံ မရခဲ့ပါဘူး။
အခုပွဲစဉ်အတွက် အီတလီရဲ့အသင်းလိုက်ကစားဟန်က အတော်လေးဆိုးရွားခဲ့ပြီး ဆွစ်ဇာလန်အသင်းကို ဝ-၂ ဂိုးဖြင့် လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။
Sky Sport Italia သတင်းဌာနနဲ့တွေ့ဆုံချိန် ဒါမီယန်က “အခုအချိန်မှာတော့ စိတ်ပျက်မှုတွေ၊ နောင်တတရားတွေ ကြီးစိုးလာခဲ့ပါပြီ။ ကျွန်တော်တို့မှာ အကောင်းဆုံးလုပ်ဆောင်သွားဖို့ ဖြစ်နိုင်ခြေတွေနဲ့ စိတ်ဆန္ဒတွေ ရှိနေခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့တွေ အဲ့ဒီလိုပုံစံအတိုင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီအတွက် ကျွန်တော်တို့ တာဝန်ယူသွားရပါမယ်။
အခုအချိန်မှာတော့ ဘာတွေမှားယွင်းခဲ့သလဲ ရှင်းပြဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။ ကျွန်တော်တို့ လူတိုင်းကို တောင်းပန်ရုံလောက်သာ တတ်နိုင်ပါတော့တယ်။ ကျွန်တော် ပြောနိုင်တာက ဒီလောက်ပါပဲ”လို့ ဆိုပါတယ်။
အင်တာမီလန်အသင်းနဲ့အတူ စကူဒက်တိုချန်ပီယံဆုဆွတ်ခူးကာ ခမ်းနားတဲ့ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ဒါမီယန်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲကတော့ ညည်းတွားရေရွတ်သံတွေနဲ့ပဲ အဆုံးသတ်သွားပါတယ်။
ဒါမီယန်က “ ရှုံးနိမ့်ခြင်းဆိုတာ ဘယ်တော့မှ ပျော်စရာမကောင်းပါဘူး။ အခုအချိန်မှာ ရှိနေတဲ့ တစ်ခုတည်းသောအတွေးကတော့ စိတ်ပျက်မှုဆိုတာပါပဲ”လို့ ပြောပါတယ်။
အခုရှုံးနိမ့်မှုနဲ့အတူ အီတလီအသင်းက ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဂုဏ်ပုဒ်ကာကွယ်ခွင့်ကို စွန့်လွှတ်လိုက်ရပါတယ်။