The network connection is lost.

Banner Image

အင်္ဂလန်ရဲ့အကောင်းဆုံးကွင်းလယ်လူစာရင်းဝင်အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ လီဗာပူးကြယ်ပွင့်ကာတစ်ဂျုံးစ်ရဲ့ ကစားသမားဘဝခရီးလမ်း

အခုဘောလုံးရာသီက လီဗာပူးကြယ်ပွင့်ကာတစ်ဂျုံးစ်အတွက်တော့ နောက်ထပ်အဆင့်သစ်တစ်ခုဆီ ရုတ်တရက်တိုးဝင်လာနိုင်တဲ့ အချိန်အခါတစ်ခု ဖြစ်လာခဲ့ပါပြီ။

ကွင်းတွင်းမှာလည်း သူက ထူးချွန်ခြေစွမ်းတွေနဲ့အတူ အန်းစလော့ရဲ့တော်လှန်ပြောင်းလဲမှုကာလ၊ အနီရောင်တပ်သားတွေကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူဖြစ်လာအောင် ကူညီပေးနေဆဲပါပဲ။

ရီးရဲလ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသက်-၂၃ နှစ်အရွယ်ကာတစ်ဂျုံးစ်က ချီးကျူးမှုများစွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူက အသင်းကို အနိုင်ရလဒ်ရရှိအောင် ကူညီပေးနိုင်ရုံသာမက ပြိုင်ဘက်ကစားသမားဘယ်လင်ဟမ်ကိုလည်း တစ်ပွဲလုံး လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရအောင် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကာတစ်ဂျုံးစ်ရဲ့မယုံကြည်နိုင်လောက်စရာစရိုက်လက္ခဏာကောင်းတွေကို မီးမောင်းထိုးတင်ဆက်ပြသဖို့ အခွင့်အလမ်းတစ်ခု ရရှိလာခဲ့ပါပြီ။ ကာတစ်ဂျုံးစ်က အခုရာသီ၊ အင်္ဂလန်လူငယ်တွေအနက် အောင်မြင်တဲ့ဘောလုံးပေးပို့မှုရာခိုင်နှုန်း အများဆုံးကစားသမားအဖြစ် ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသားကျော်ဖြတ်ကာ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတယ်လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ယာယီနည်းပြဟောင်းလီကာစလေက “ ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်ဖူးတဲ့ အရည်အချင်းရှိကစားသမားတွေအနက် ကာတစ်ဂျုံးစ်က ထိပ်ဆုံးနေရာမှာ ပါဝင်ပါတယ်။ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် လိုချင်တဲ့အရာအားလုံးကို သူ့ဆီမှ ရရှိနိုင်ပါတယ်။

သူက ပါဝါအပြည့်နဲ့ အရမ်းလျှင်မြန်စွာပြေးလွှားနိုင်သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ခံစစ်ကိုလည်း ကူညီပေးနိုင်သလို ဘောလုံးနဲ့အတူ ပြေးလွှားနိုင်စွမ်းလည်း ရှိပါတယ်။ သူ့အတွက်လိုအပ်နေတဲ့အရာကတော့ ပွဲကစားခွင့်ပါပဲ”လို့ ပြောပါတယ်။

အလားတူ လီဗာပူးနည်းပြသစ်အန်းစလော့က အခုဘောလုံးရာသီ၊ ကာတစ်ဂျုံးစ်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ကျေနပ်မှုအပြည့်ဖြင့် တည်တည်ငြိမ်ငြိမ်ရှင်းပြခဲ့ဖူးပါတယ်။ BBC နဲ့တွေ့ဆုံချိန် ဒတ်ချ်လူမျိုးနည်းပြက “ကာတစ်ဂျုံးစ်မှာ ဘောလုံးနဲ့ပတ်သက်လို့ အရည်အသွေးတွေ အများကြီးရှိပါတယ်။

သူက ဘောလုံးနဲ့ပတ်သက်ပြီး အထူးတလည်လုပ်ပြနိုင်ဖို့အတွက် ဘယ်တုန်းကမှ မတွန့်ဆုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်အရ တခါတလေမှာ ဘောလုံးနဲ့ပတ်သက်ပြီး သူရဲ့လုပ်ဆောင်ပုံတွေက နည်းနည်းပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ ဒါတွေက ကာတစ်ဂျုံးစ်မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ယုံကြည်မှုဆိုတာလည်း အရေးကြီးတဲ့ကိရိယာတစ်ခု ဖြစ်ပါတယ်။ သူ့မှာ မယုံကြည်နိုင်လောက်စရာကောင်းတဲ့ လုပ်အားနှုန်းရှိပြီး ခံစစ်ပိုင်းအတွက်လည်း ယုံကြည်စိတ်ချရမှုရှိပါတယ်။ ပြီးပြည့်စုံတဲ့ကစားသမားကောင်းပါ။ အခုအချိန်မှာ ကာတစ်ဂျုံးစ်အတွက် လိုအပ်နေတာက ခြေစွမ်းတည်ငြိမ်မှုအပိုင်း ဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားတွေက သုံးရက်တစ်ပွဲနှုန်းကစားရပြီး ဒီလိုအချိန်ကာလမျိုးမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ကာတစ်ဂျုံးစ် ပြသသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

ကာတစ်ဂျုံးစ်ရဲ့အခုလိုပုံစံပြောင်းလဲသွားမှုတွေက ကွင်းပြင်ပလူနေမှုဘဝရဲ့သမိုင်းမှတ်တိုင်တစ်ခုနဲ့လည်း တိုက်ဆိုင်နေပါတယ်။ သူက အခုလိုအမှတ်ရစရာဘောလုံးရာသီကို ဖြတ်သန်းနေချိန်မှာပဲ ဖခင်တစ်ဦးအဖြစ် ပထမဆုံးရင်သွေးလေးကို ပိုင်ဆိုင်လာခဲ့ပါတယ်။

ဘောလုံးတွေကို ဂန္တဝင်မြောက် ဖြန့်ဖြူးပေးနိုင်သူ
-------------------------------------------
နိုဝင်ဘာလအတွင်း ဘဝလက်တွဲဖော် ဆက်ဖီးခန်းနဲ့အတူ သမီးလေးဂျီဆဲလ်လီကို မွေးဖွားခဲ့ပြီးနောက် မကြာခင်မှာပဲ ကာတစ်ဂျုံးစ်က နည်းပြလီကာစလေလက်အောက်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားခဲ့ပါတယ်။

သူက အမှတ်ရစရာညတစ်ခုဖန်တီးဖို့ ဂရိနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ပြောင်မြောက်လှတဲ့နောက်ပေါက်ကန်ချက်နဲ့အတူ သွင်းဂိုး ရယူသွားခဲ့ပါတယ်။
ဒီပွဲစဉ်မတိုင်ခင် သီတင်းပတ်အနည်းငယ်ခန့်ကလည်း သူက ချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းအတွက် အရေးပါလှတဲ့ ပယ်နယ်တီအခွင့်အရေးကိုလည်း အရယူပေးခဲ့ပြီး ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အခုလိုတုန်လှုပ်ခြောက်ခြားစရာ စွမ်းဆောင်ရည်မျိုး ပြသနေချိန်မှာပဲ ကာတစ်ဂျုံးစ်ရဲ့ကောင်းမွန်လှတဲ့ ဘောလုံးပေးပို့နိုင်မှုစွမ်းရည်အကြောင်း ဖော်ပြထားတဲ့ စစ်တမ်းတစ်ရပ်လည်း ထွက်ပေါ်လာခဲ့ပါတယ်။

WhoScored.com ရဲ့အဆိုအရ ကာတစ်ဂျုံးစ်က အခုရာသီ၊ ဘောလုံးပေးပို့မှုအအောင်မြင်ဆုံးကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
အံ့သြလောက်စရာကိုပဲ ကာတစ်ဂျုံးစ်က အခုဘောလုံးရာသီမှာ သူ့ရဲ့ဘောလုံးပေးပို့မှု ၉၄ ဒဿမ ၈ ရာခိုင်နှုန်းကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒါက ဥရောပထိပ်တန်းလိဂ်ငါးခုရှိ ကစားသမားတွေအနက် ဆဋ္ဌမမြောက်အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၉၀ ဒဿမ ၁ ရာခိုင်နှုန်းနဲ့ ၈၉ ရာခိုင်နှုန်းတို့သာ ပြုလုပ်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဘယ်လင်ဟမ်နဲ့ ဒီကလန်ရိုက်စ်တို့ထက် ကာတစ်ဂျုံးစ်က ပြတ်ပြတ်သားသားအသာစီးရရှိနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ရပ်ဝန်းအတွင်းရှိ အိုဒီဂတ်က အောင်မြင်တဲ့ဘောလုံးပေးပို့မှု ၈၅ ဒဿမ ၉ ရာခိုင်နှုန်း၊ ဘရူနိုဖာနန်ဒက်စ်က ၈၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လီဗာပူးဂန္တဝင်စတီဗင်ဂျရတ်ကလည်း အန်းစလော့လက်အောက်မှာ တောက်ပမှုတွေပြသနေတဲ့ ကာတစ်ဂျုံးစ်ဆီမှ နောက်ထပ်အရာတွေ မြင်တွေ့ရနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။

ဂျရတ်က “ဘင်နီတက်ဇ်က ကျွန်တော့်ကို ကစားသမားဘ၀ နောက်တစ်ဆင့်တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်အတွက်စိတ်လှုပ်ရှားစရာအချက်ကတော့ ကာတစ်ဂျုံးစ်ကို ကစားသမားဘ၀ နောက်တစ်ဆင့်ရောက်ရှိအောင် အန်းစလော့ လုပ်ပေးနိုင်မယ်လို့ ထင်မြင်ယူဆမိတာပဲ ဖြစ်ပါတယ်။

အန်းစလော့သာ အခုလိုမျိုးလုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကလပ်အသင်းအတွက် တကယ့်ထိပ်တန်းလက်ရွေးစင်ကစားသမားတစ်ဦး လက်ဝယ်ပိုင်ပိုင်ရရှိသွားပါလိမ့်မယ်။ နောက်ထပ် ၁၈ လထက်မနည်း ကာတစ်ဂျုံးစ်ကို စောင့်ကြည့်ရမှာဖြစ်လို့ တကယ်ကိုစိတ်လှုပ်ရှားနေမိပါတယ်”လို့ ပြောပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အစပျိုးချိန်
-------------------------------------------------
ကာတစ်ဂျုံးစ်ရဲ့လတ်တလောအောင်မြင်မှုတွေက သူ့ကို လီဗာပူးလူငယ်ကစားသမားဘဝမှ အခုလိုထိပ်တန်းအဆင့်ဆီ ပို့ဆောင်ပေးခဲ့သူတွေအတွက် အံ့သြစရာအခြေအနေမျိုး မဟုတ်ပါဘူး။

သူက လီဗာပူး ယူ-၉ အသင်းနဲ့ ပူးပေါင်းလာပြီးနောက် လျှင်လျှင်မြန်မြန်နဲ့ပဲ တိုးတက်လာခဲ့လို့ ယူ-၁၆ ကစားသမားဘဝမှာပင် ယူ-၁၈ အသင်းအတွက် ပွဲဦးထွက်ကို ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ကစားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာတစ်ဂျုံးစ်က လီဗာပူးယူ-၁၉ အသင်းနဲ့ ယူ-၂၃ အသင်းတို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကာတစ်ဂျုံးစ်က လီဗာပူးမြို့လယ်ခေါင်အရပ်မှာ မွေးဖွားခဲ့ပြီး လမ်းမတွေထက် သူ့ရဲ့ဘောလုံးအရည်အသွေးကို မြှင့်တင်ခဲ့ပါတယ်။ သူက လီဗာပူးမြို့သားစစ်စစ်ဖြစ်ပါတယ်။ The Independent သတင်းစာနဲ့တွေ့ဆုံချိန် ကာတစ်ဂျုံးစ်က “ကျွန်တော်တို့လမ်းထိပ်မှာ မူလတန်းကျောင်းတစ်ခု ရှိပါတယ်။ 

ညနေတိုင်းမှာ ကျွန်တော်အပါအဝင်ကလေးတွေ ကျောင်းခြံစည်းရိုးကို ကျော်တက်ပြီး ကျောင်းဘောလုံးကွင်းထဲမှာ ဘောလုံးကန်လေ့ရှိပါတယ်။ ဒါမှမဟုတ် ကွင်းထဲမှာရှိတဲ့ ဂိုးတိုင်တွေကိုသွားယူပြီး တစ်ညလုံး လမ်းပေါ်မှာဘောလုံးကစားကာ ဂိုးတွေသွင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့တွေ ကစားပြီးရင်တော့ ဂိုးတိုင်တွေကို နေရာတကျပြန်သွားထားလေ့ ရှိပါတယ်။

ကျွန်တော်က အခြားလီဗာပူးမြို့ဒေသခံတွေလိုပဲ ကြီးပြင်းလာခဲ့ရတာပါ။ ကောင်းမွန်တဲ့ပံံ့ပိုးပေးမှုတွေမရှိဘဲ လမ်းပေါ်မှာပဲ လမ်းဘေးကလေးတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ရပါတယ်။ ဒါတွေကြောင့်ပဲ ကိုယ့်ကိုကိုယ် တက်နိုင်သမျှ အကောင်းဆုံးဖြစ်လာအောင် ပြုစုပျိုးထောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း သွင်းဂိုးလေးဂိုးနဲ့အတူ လီဗာပူးလူငယ်အသင်းကို UEFA Youth League ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ကာတစ်ဂျုံးစ်က အင်္ဂလန်ဘောလုံးလောကအတွင်း ပရိသတ်စိတ်ဝင်စားမှုအရရှိဆုံးကစားသမားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

ကာတစ်ဂျုံးစ်ဦးဆောင်တဲ့ လီဗာပူးလူငယ်အသင်းက UEFA Youth League ကွာတားဖိုင်နယ်အဆင့်မှာ နိုင်ငံတူပြိုင်ဘက် မန်စီးတီးလူငယ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ အခုလိုရှုံးနိမ့်မှုတွေရှိခဲ့ပေမယ့် ကာတစ်ဂျုံးစ်က သူတို့မျိုးဆက်ရဲ့အလားအလာအရှိဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ခိုင်ခိုင်မာမာပေါ်ထွန်းလာခဲ့ပါတယ်။

စတီဗင်ဂျရတ်ရဲ့လွှမ်းမိုးမှု
--------------------------
ကာတစ်ဂျုံးစ်နဲ့ပတ်သက်လို့ လီဗာပူးယူ-၂၃ နည်းပြဟောင်းမိုက်ကယ်ဘေးလ်က “ တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်သူ၊ ကွင်းလယ်ဗဟိုမှာရော၊ တောင်ပံမှာရော၊ ခံစစ်အကူကွင်းလယ်ကစားသမားအဖြစ်ရော နေရာစုံမှာပါဝင်ကစားနိုင်သူ”လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် အန်ဖီးလ်မှာ ပရော်ဖက်ရှင်ကစားသမားတစ်ဦးဖြစ်လာဖို့ ရည်မှန်းနေတဲ့ လူငယ်လေးအတွက် စတီဗင်ဂျရတ်ရဲ့လွှမ်းမိုးမှုက အတော်လေးကြီးမားခဲ့ပါတယ်။

လက်ရှိအယ်လ်အစ်တီဖတ်နည်းပြစတီဗင်ဂျရတ်က ရိန်းဂျားစ်အသင်းကိုမကိုင်တွယ်ခင် ၂၀၁၇ ခုနှစ်မှာ လီဗာပူးယူ-၁၈ အသင်းနဲ့အတူ အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ဂျရတ်နဲ့ ကာတစ်ဂျုံးစ်တို့ လက်တွဲအလုပ်လုပ်ခဲ့ဖူးပြီး ကစားသမားကိုယ်တိုင်ကလည်း ဂျရတ်ရဲ့အကူအညီတွေသာ မပါဝင်ရင် အခုလိုဘဝအခြေအနေမျိုး မရရှိနိုင်ဘူးလို့ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ကာတစ်ဂျုံးစ်က “စီနီယာအသင်းဆီရောက်ရှိဖို့ ကျွန်တော်တို့နှစ်ဦးလုံး ဘယ်လောက်အထိ ကြိုးစားအားထုတ်ခဲ့ရသလဲဆိုတာ လူအတော်များများမသိကြပါဘူး။ ကိစ္စတိုင်းက အမြဲတမ်းလွယ်ကူနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ဂျရတ်က ကျွန်တော့်ကိုကူညီပေးဖို့ အချိန်ကိုက်ပေါ်ပေါက်လာတဲ့ ပြီးပြည့်စုံတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

သူက ကျွန်တော် ဘာတွေလုပ်ဖို့လိုအပ်သလဲဆိုတာ အဓိကပြောပြခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က စွယ်စုံရကစားသမားတစ်ဦးဖြစ်လာသလို ကောင်းမွန်တဲ့လူပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ သူက ကျွန်တော့်မှာရှိနေတဲ့အရည်အသွေးတွေကို သိရှိခဲ့ပြီး ကောင်းမွန်တဲ့အချက်အလက်တွေကို အသေးစိတ်သင်ကြားပြသပေးခဲ့ပါတယ်”လို့ ဆိုပါတယ်။

လက်ရှိ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ကာတစ်ဂျုံးစ်က လီဗာပူးစီနီယာအသင်းအတွက် အထူးခြေစွမ်းပြနေပြီး မာဆေးဆိုဒ်သားတစ်ဦးအဖြစ် ဘယ်လောက်အထိ အမြင့်ပျံသန်းနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။